သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းက ပြုပြင်ပြောင်းလဲမှုများ


ပြဿနာတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေမှာ နောက်ထပ် ပုဂ္ဂလိကဘဏ်တချို့ ဖွင့်လှစ်ခွင့်ပြုလိုက်ပါတယ်။
ပြဿနာတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေမှာ နောက်ထပ် ပုဂ္ဂလိကဘဏ်တချို့ ဖွင့်လှစ်ခွင့်ပြုလိုက်ပါတယ်။

စက်တင်ဘာ ၆၊ ၂၀၁၀-မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံမှာ နောက်ထပ် ပုဂ္ဂလိကဘဏ်တချို့ကို ဖွင့်လှစ်ခွင့် ပေးလိုက်တဲ့နောက် မကြာသေးခင်ကပဲ ဒီဘဏ်တွေ စတင်ဖွင့်လှစ် ခဲ့ကြသလို ဘဏ်ခွဲတွေဖွင့်လှစ်ပြီး ဝန်ဆောင်မှုတွေ ပေးသွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေမှာ အရင်က ပြဿနာတွေကြုံခဲ့ရတာမို့ နောက်ဖွင့်တဲ့ဘဏ်တွေအပေါ် အရင်ထက်စာရင်တော့ ပိုမိုတင်းကျပ်တဲ့ သတ်မှတ်ချက် တချို့ကိုလည်း ပြဋ္ဌာန်းခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ခိုင်မာမှုမရှိလှတဲ့ ဘဏ္ဍာရေးကဏ္ဍမှာ အားဖြည့်ပေးဖို့ ရည်ရွယ်ပုံရတဲ့ ဒီလုပ်ငန်းတွေ ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ၊ ရှေ့အလားအလာတွေ ဘယ်လိုရှိနိုင်မလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တချို့ကို နောက်ထပ် ပုဂ္ဂလိကဘဏ်သစ်တွေ လုပ်ကိုင်ခွင့်ပေးခဲ့ပြီးတဲ့နောက် အခုအခါ ဘဏ်လုပ်ငန်းတွေစတင်ပြီး၊ မကြာခင် ရုံးခွဲအသစ် ဖွင့်လှစ်တာတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေ တိုးချဲ့တာတွေ လုပ်သွားကြဖို့ ရှိနေပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်တဲ့ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ ရဲ့ အာရှ အစိမ်းရောင် ဖွံ့ဖြိုးရေးဘဏ်၊ IDE ကုမ္ပဏီပိုင်ရှင် ဦးနေအောင် ရဲ့ ယူနိုက်တက် အမရာဘဏ်၊ ဧဒင်ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင် ရဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော် ရဲ့ ဧရာဝတီဘဏ်တွေရဲ့ ရုံးချုပ်တွေကိုတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ သြဂုတ်လထဲက စတင်ဖွင့်လှစ်လိုက်တာပါ။

အရင်က ဘဏ်လုပ်ငန်းတွေမှာ ပြဿနာတွေ ကြုံခဲ့ရတဲ့ အစဉ်အလာတွေကြောင့် ဒီတခါမှာတော့ အစိုးရဗဟိုဘဏ်က အရင်ထက် ကြပ်မတ်ဆောင်ရွက်မှု တချို့လည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဘဏ်လောကက စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“အားလုံးကိုတော့ မတည်ငွေရင်း ၁၀ ဘီလီယံကျပ်၊ ဒေါ်လာ ၁၀ သန်းပေါ့၊ ဒီဆယ်သန်း deposit ထားတာက အဲဒီငွေကို ပြန်ပြီး ထိလို့မရဘူး။ ထိလို့မရတဲ့အတွက် ဒီဘဏ်တွေ တခုခုဖြစ်သွားတယ်ဆိုရင်၊ အစိုးရကနေ ဝင်ပြီးတော့ ကယ်လို့ရတယ်။ ဘဏ်တွေ ဆိုတာက ချိတ်နေတာကိုး၊ တခုနဲ့တခု။ တယောက်ယောက်က ပြိုသွားရင် နောက်ဘဏ်တခုက လိုက်ပြိုသွားဖို့ အခြေအနေ ရှိတဲ့အတွက် ဗဟိုဘဏ်ကတော့ အဲလိုမျိုး ထိန်းထားရတာရှိတယ်။ တခုခု ဆိုကြပါစို့ အထိတ်တလန့်ဖြစ်ပြီးတော့ တယောက်ယောက်ကနေပြီး ဒီဘဏ်ကနေ ထုတ်လိုက်မယ်ဆိုရင်၊ အလွယ်တကူ ထုတ်ပေးလို့ရအောင်၊ နောက်တခါ ဗဟိုဘဏ် အနေနဲ့ ကျောထောက်နောက်ခံ လုပ်လို့ရအောင်ဆိုပြီးတော့ ဒီ deposit ၁၀ သန်းကို ယူထားတာပေါ့။ လည်ပတ်တဲ့ ပိုက်ဆံကတော့ ခုနကပြောတဲ့ အပ်ငွေရယ်၊ နောက် စီးပွားရေးလုပ်ငန်းတခုလို လည်ပတ်နေရမှာပေါ့။ အဲလိုမျိုးနဲ့ အာမခံချက်ကို ဗဟိုဘဏ်က လုပ်ထားတဲ့ သဘောရှိပါတယ်။ အရင်တုန်းက အဲဒီလောက်ထိအောင် ဗဟိုဘဏ်က ကွပ်ကဲမှု ရှိတော့ရှိတယ်၊ ဒီလောက်ထိအောင် တင်းတင်းကျပ်ကျပ် မရှိဘူး။”

မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ အဓိက ဝန်ဆောင်မှု လုပ်ငန်းတွေ အဖြစ်နဲ့ ငွေစုငွေချေးလုပ်ငန်း၊ ငွေလွှဲလုပ်ငန်းတွေကို လုပ်ဆောင်နေကြတာပါ။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် လုပ်ငန်းတွေကိုတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေ ကစလို့ စတင်လုပ်ကိုင်ခွင့် ပြုလာတဲ့နောက် ပုဂ္ဂလိကကဏ္ဍက အပြည့်အ၀ ပိုင်ဆိုင်တဲ့ ဘဏ်တွေ၊ အစိုးရ ဌာနဆိုင်ရာတွေက ဖွင့်လှစ်တဲ့ ဘဏ်တွေအပါအဝင် ဘဏ်ပေါင်း ၂၀ လောက် ပေါ်ပေါက်လာတာပါ။ ဒါပေမဲ့လည်း ဒီအထဲက အဓိက ဘဏ်လုပ်ငန်းကြီး တချို့ဖြစ်တဲ့ အာရှဓနဘဏ်၊ မေဖလားဝါးဘဏ်နဲ့ မြန်မာယူနီဗာဆယ်ဘဏ်တွေ ၂၀၀၃ ခုနှစ် တဝိုက်လောက်မှာ ပြိုကွဲမှုတွေနဲ့ ကြုံခဲ့ရတာပါ။

ဒီလိုအခြေအနေတွေကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ပြီး အခုအခါ ဘဏ်လုပ်ငန်း အသစ်တွေကို လုပ်ကိုင်ခွင့်ပေးရာမှာ အရင်ထက် အထိန်းအချုပ်တချို့ ပါဝင်လာခဲ့ပေမဲ့ အခွင့်အလန်းတွေလည်း ပါလာခဲ့တာ ဖြစ်ပါတယ်။
“လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရကတော့ ဒီဘဏ်တွေက မတည်ငွေရင်းရဲ့ ဆယ်ဆအထိ deposit လက်ခံလို့ရတယ်။ အပ်ငွေ လက်ခံလို့ရတယ်ပေါ့။ ဆိုတော့ ဒေါ်လာ သန်း ၁၀၀ အထိ လက်ခံလို့ရတယ်။ ဒေါ်လာ သန်း ၇၀ လောက်အထိ ချေးပေးလို့ ရတယ်။ ဒါကတော့ အဓိက ဘဏ်တွေ ပြိုမသွားအောင်ရယ် နောက်တခါကြတော့ လောလောဆယ် ပိုက်ဆံ အပ်ချင်တဲ့လူ များတာပေါ့နော်၊ မြန်မာပြည်ရဲ့ အခြေအနေအရ။ ဘဏ်တိုးကလည်း ၁၂ ကျပ်တိုးဆိုတော့ အတိုးအနေနဲ့လည်းကောင်းတော့ အပ်ချင်တဲ့လူများတယ်။ တခြားစီးပွားရေး လုပ်ငန်းတွေကလည်း အကြီးအကျယ် အလုပ်မဖြစ်တော့ ဘဏ်တိုးလောက်ကို မကိုက်ကြတော့၊ ဘဏ်ကို အပ်ချင်တဲ့လူများတယ်။ ဘဏ်ကို အပ်ချင်တဲ့လူ များပေမဲ့၊ ခုန အများဆုံး ပမာဏကို ကန့်သတ် ထားတာပေါ့။ ဆိုလိုတဲ့ သဘောက အခုကတော့ တယောက်ကို ၁၀ သန်း ပေးတဲ့အတွက် သန်း ၁၀၀ အထိ အပ်ငွေ လက်ခံလို့ ရတယ်။ အရင်တုန်းက အဲလောက်မှ မရှိခဲ့တာ။ အရင်တုန်းက ၂ သန်းပဲ ပေးခဲ့ရင် သန်း ၂၀ ထက်ကျော်ပြီး လက်ခံလို့ကို မရဘူး။ အဲဒီတော့ အပ်ချင်တဲ့ လူတွေကရှိတယ်။ ဒီဘဏ်တွေ ဖွင့်ပေးလိုက်ခြင်းအားဖြင့် အပ်ချင်တဲ့လူတွေ အပ်လို့ရလာတာပေါ့။ ဆိုတော့ကာ အဲဒီ အပ်ငွေလုပ်ငန်းကို ကန့်သတ်ချက်တော့ ပေးထားတာပေါ့။အဲဒါ ပထမတချက် နောက် ဒုတိယတချက် အနေနဲ့ကလည်း တနေရာတည်းမှာပဲ အပ်ငွေ မရနိုင်တဲ့အတွက် ဘဏ်ခွဲတွေကို ဖွင့်လာရတာပေါ့။ အဲဒါမှ အပ်ငွေ များများရမယ်။ ငွေလွှဲလုပ်ငန်းတွေ လုပ်လို့ရမှာပေါ့။ နောက်တခါကျတော့ တခြား နောက်ပိုင်းမှာ တခြားဘဏ် လုပ်ငန်းတွေပါ လုပ်ခွင့်ရလာမှာပေ့ါလေ။”

ပုဂ္ဂလိကဘဏ်သစ်တွေ အနေနဲ့ လက်ရှိ နေပြည်တော် ရုံးချုပ်တွေသာမက ရန်ကုန်၊ မန္တလေးအပါအဝင် တခြား ငွေကြေးနဲ့ ကုန်စည်စီးဆင်းရာ ဒေသတွေမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်တာတွေ ဒီနှစ်ထဲမှာကိုပဲ တွေ့မြင်လာရဖို့ ရှိတယ်လို့လည်း စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီလို စီးပွားရေးအတွက် အခရာကျတဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ တဘက်တလမ်းက ကျားကန်ပေးနိုင်တဲ့ ဘဏ်လုပ်ငန်းတွေကို တိုးချဲ့လာတာဟာ ယေဘုယျအားဖြင့် အပေါင်းလက္ခဏာ ဆောင်တယ်လို့ ဆိုရမှာ ဖြစ်ပေမဲ့၊ နိုင်ငံတကာ အတိုင်းအတာနဲ့ ဆောင်ရွက်ဖို့အတွက်ကတော့ အဟန့်အတားတွေက ရှိနေဆဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

အထူးသဖြင့်ကတော့ နိုင်ငံခြားငွေ လဲလှယ်မှုစနစ်မှာ လက်တွေ့မကျတဲ့ စံသတ်မှတ်ချက်တွေရှိနေတာ၊ လူ့အခွင့်အရေး နိုင်ငံရေး တိုးတက်အောင် မလုပ်နိုင်တဲ့အတွက်ဆိုပြီး အမေရိကန်လို အနောက်အုပ်စု နိုင်ငံတွေက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်မှု အခြေအနေတွေ ရှိနေတာမို့ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းတွေဟာ စီးပွားရေးသမားတွေ မျှော်လင့်သလောက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ပါ့မလားဆိုတာကတော့ မေးစရာဖြစ်နေဆဲပါ။
“ဘဏ်ခွဲတွေနဲ့ ဖွင့်ခွင့်ကိုတော့ ဒီနှစ်အတွင်းမှာတော့ ၁၀ ဘဏ်လောက်အထိ ရသွားပြီးတော့ မကြာခင် နောက်နှစ်လောက်မှာတော့ ဘဏ် ၄၀-၅၀ လောက်အထိ ဖွင့်ခွင့်ဖို့ရှိတယ်ပေါ့ အစိုးရကနေ။ ဘဏ်ခွဲတွေ များများဖွင့်ဖို့တော့ လိုတာပေါ့။ ဘဏ်ခွဲတွေ ဖွင့်လေလေ အလွှဲအပြောင်းတွေ ပိုလွယ်လာလေလေ၊ လူတွေ ပိုပြီး အားထားလာလေလေ ဖြစ်လာမှာပေါ့။ ကျနော်ထင်တယ် ငွေကြေးလုပ်ငန်းဆိုင်ရာ ကျင့်သုံးမှု အသစ်တခုကို အစိုးရကလည်း နည်းနည်းလုပ်မယ့် သဘောရှိတာပေါ့။ ကျနော်ထင်တာကတော့ တဆင့်ချင်း တဆင့်ချင်းသွားနိုင်တာကတော့ Debit ကဒ် Credit ကဒ် နောက် ATM ကဒ် အဲဒီကနေပြီးတော့မှ၊ တဖြည်းဖြည်းမှ နိုင်ငံခြားငွေ လဲလှယ်တဲ့ အဆင့်အထိ ရောက်သွားမယ်လို့ ယူဆရတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ကတော့ အဲဒီအခြေအနေတွေကို မျှော်မှန်းထားတာပေါ့။ သို့သော်လည်းပဲ ဒါကတော့ ဗဟိုဘဏ်ကနေ ဘယ်လောက်အထိအောင် လျှော့ပေါ့ပေးမလဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့။ အဲဒီတော့ Debit ကဒ်တွေ Credit ကဒ်တွေ၊ ATM တွေ ပေးပြီးပြီ ဆိုရင်တော့ တဖြည်းဖြည်းချင်း တခြား လွှဲပြောင်းမှုတွေကို ပေးသွားဖို့ များတာပေါ့။ တခြားစီးပွားရေး လုပ်ငန်းတွေကို LC ဖွင့်ခွင့်၊ ဒါမျိုးတွေအဆင့် ရောက်လာမှာပေါ့။ အဲဒါဆိုရင်တော့ နိုင်ငံခြားငွေလွှဲဘဏ်တွေဘာတွေ ဝင်လာမှာပေါ့။ ဒါတွေ အကုန်လုံးကလည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဘာတွေနဲ့ ဆက်နေဦးမှာဆိုတော့ အဲဒီအဆင့် ရောက်ဖို့ကတော့ လက္ခဏာတွေကို အရင်ကြည့်ရဦးမှာပဲ။ လောလောဆယ်တော့ ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း၊ ဒီလုပ်ငန်းတောင်မှ ပြည်တွင်း အဆင့်မှာပဲ ရှိနေဦးမှာပါ။”

မြန်မာနိုင်ငံ ဘဏ်လောကက စီးပွားရေး လုပ်ငန်းရှင်တယောက် ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရကတော့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အဖြစ် နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေရာမှာ ဘဏ်လုပ်ငန်းတွေ သာမက သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ မြန်မာ့လေကြောင်းတို့က ဖက်စပ် ပြေးဆွဲနေတဲ့ မြန်မာ့နိုင်ငံတကာ လေကြောင်းကိုလည်း ပုဂ္ဂလိကလက်ထဲ ပြန်လည် ရောင်းချခဲ့ပါတယ်။ ဒီလိုပဲ နိုင်ငံပိုင် ဓာတ်ဆီဆိုင် ၂၅၆ ဆိုင် ကိုလည်း ပုဂ္ဂလိကကဏ္ဍ လက်လွှဲပေးခဲ့တာ ဖြစ်သလို၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၁ ခုက ပိုင်ဆိုင်တဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ အပါအဝင် နိုင်ငံတဝန်းက စက်ရုံတွေ၊ ကုန်လှောင်ရုံတွေ၊ ရုပ်ရှင်ရုံတွေ လုပ်ငန်းပေါင်း ၁၀၀ ကျော် ကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲဖို့ ဒီနှစ်ဆန်းပိုင်းမှာပဲ ကြေညာခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG