ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါကစ္စတန်ကနေ ခွဲထွက်တဲ့ ၁၉၇၁ စစ်ပွဲအတွင်း စစ်ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့တဲ့အတွက် ထိပ်တန်း အစ္စလာမ်ခေါင်းဆောင် တဦးဖြစ်တဲ့ Mir Quasem Ali ကို စနေနေ့က မြို့တော် Dhaka နားက အကျဉ်းထောင်တခုမှာ ကြိုးပေးကွပ်မျက် လိုက်ပါပြီ။
သူ့မိသားစုဝင်တွေနဲ့ နောက်ဆုံးအဖြစ် တွေ့ဆုံခွင့်ရပြီးတဲ့နောက် စနေနေ့က ကြိုးပေးကွပ်မျက်ခဲ့တာပါ။ နောက်ဆုံးအကြိမ် အယူခံကို အင်္ဂါနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမြင့်ဆုံးတရားရုံးက ပယ်ချခဲ့ပြီးတဲ့နောက် အလီက သမ္မတဆီမှာ အသနားခံလွှာ မတင်တော့ဘူးလို့ ပြောကြားခဲ့တာမို့ သူကျခံရ မယ့် ပြစ်ဒဏ်အဖြစ် ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မကြာခင် သီတင်းပတ်တွေအတွင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာတာ တွေ့ရပါတယ်။ ဒီအထဲက အဆိုးဆုံး အကြမ်းဖက်မှုကတော့ ဇူလိုင်လတုန်းက Dhaka က သံတမန်ရပ်ကွက်မှာ ရှိတဲ့ ကော်ဖီဆိုင်တခုကို သေနတ်သမားတွေက ဝင်ရောက် စီးနင်းပြီး ဖမ်းထားတဲ့ ဓားစာခံ အယောက် ၂၀ ကို သတ်ပစ်ခဲ့တာပါ။ ဒီအထဲက အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။
အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီက အရင် ဝန်ကြီးချုပ်ဟောင်း Khaleda Zia ရဲ့ အရာရှိတဦးလည်း စနေနေ့ကပဲ အကွပ်မျက် ခံရတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
အသက် ၆၃ နှစ် ရှိပြီဖြစ်တဲ့ အလီဟာ Jamaat-e-Islami ပါတီက ခေါင်းဆောင် တဦးဖြစ်ပြီး ၂၀၁၀ ကစပြီး Jamaat-e-Islami ပါတီက ခေါင်းဆောင်တွေ အကွပ်မျက်ခံရတဲ့ ထဲမှာ သူဟာ ၅ ဦးမြောက် ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် Sheikh Hasina ဦးဆောင်တဲ့ အစိုးရတက်လာခဲ့ပြီးတဲ့နောက်မှာ ၁၉၇၁ ခုနှစ် စစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို ခုံရုံးတင်စစ်ဆေးဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်ပွဲအတွင်း လူပေါင်း ၃ သန်းလောက် သေကျေခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောဆိုခဲ့တာပါ။