မြန်မာ့ ဆန် အဓိက ဝယ်လက် တရုတ်ဘက်ကို ဆန်ပို့လို့ မရသေးတဲ့ အခြေအနေမှာ ဘင်္ဂလားဒေရှ့်ဘက်ကလည်း မြန်မာ့ပို့ကုန် ဆန် အပေါ်မှာ အခွန် ၃ဆလောက် တိုးကောက်လိုက်တာကြောင့် ထပ်ပြီး အထိနာနေပါတယ်။ ဘင်္ဂလားဒေရှ့် ဈေးကွက်ကို အားထားပြီး နိုင်ငံတကာ အဆင့်မီ ဆန်စက်ကို ရခိုင်ပြည်နယ်မှာ တည်ထောင်ထာတဲ့ ရွှေပြည့်ဖြိုး ဆန်စက်လုပ်ငန်းရှင် ဦးသန်းဝင်းနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
ဦးသန်းဝင်း။ ။ ကျနော်ကတော့ ဆန်စက်ကို ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီကနေ ခွင့်ပြုချက်နဲ့ တည်ထားတဲ့ နိုင်ငံတကာ အဆင့်မီ ဆန်စက် တည်ဆောက်ထားတာပါ။ အဲဒီ ဆန်စက်က ကျနော် ဒီ ၂၀၁၉ - ၁ လပိုင်းမှာ ခွင့်ပြုချက်ရပြီးတော့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အခုတော့ စက်ကတော့ လည်ပတ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့က ဒီစက်တွေကို ဘာဖြစ်လို့တည်လဲ ဆိုတော့ အိမ်နီးချင်း ဘင်္ဂလားဒေရှ့် နိုင်ငံကို အားကိုးပြီးတော့ တည်လိုက်တာပါ။ အခု ဘင်္ဂလားဒေရှ့် နိုင်ငံကနေ ကျနော်တို့ ဆက်သွယ်တဲ့ အခါမှာ အခွန် ၁ သောင်းခွဲ နှုန်းနဲ့ဘဲ လက်ခံမယ်လို့ အကြောင်းပြန်တော့ ကျနော်တို့ ရောင်းမရဘဲနဲ့ ဒီအတိုင်း နေရပါတယ်။ အဲလို အနေအထားပါ။ ကျနော်က ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တည်ထားတဲ့ ရခိုင်ပြည်ရဲ့ ပထမဆုံး ဆန်စက်ပေါ့။
သိင်္ဂ ီထိုက်။ ။ ဘင်္ဂလားဒေရှ့်ဘက် အထွက်ရောက်တော့ရော အရင်ဝယ်တုန်းက ဘယ်လောက်လောက် ထွက်ပါလဲ။
ဦးသန်းဝင်း။ ။ မနှစ်က ကျနော်တို့ ဒီ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ မှာ အိတ်ပေါင်း သိန်း ၅၀ လောက် ရောင်းခဲ့ရပါတယ်။ ကျနော်တို့ ဒီ ရခိုင်ပြည်ကနေ တဆင့်လေ။ အခုက ဘင်္ဂလားဒေရှ့်က အရင်က တအိတ်ကို အခွန်ငွေ ၄၀၀၀ ကျပ်လောက် ကောက်ပါတယ်။ အခုအချိန်မှာ သူတို့ တအိတ်ကို အခွန်ငွေ ၁၅,၀၀၀ တိုးမြှင့် ကောက်လိုက်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက လာတဲ့ဟာကိုလေ။ အဲတော့ ဧည့်မထ တအိတ်ကိုမှ ၂၀,၀၀၀ ကျော်ကျော် ရှိတဲ့ဟာကိုမှ ၁၅,၀၀၀ ကောက်လိုက်ရင် ကျနော်တို့ကို မပို့နဲ့လို့ ပြောတာနဲ့ အတူတူပါဘဲ။ အဲတော့ ကျနော်တို့ ဘင်္ဂလားဒေရှ့်ကို ပို့တာ အရောင်းအဝယ်ကလည်း ရပ်တန့်နေပါတယ်။ တနှစ်ပတ်လုံးမှာလေ။
သိင်္ဂ ီထိုက်။ ။ ဘင်္ဂလားဒေရှ့် ဈေးကွက်က ဒီနှစ်ရောက်မှ ထူးထူးခြားခြား ဖြစ်သွားတာပါလား။
ဦးသန်းဝင်း။ ။ ဟုတ်ကဲ့။ ဒီနှစ်မှာမှ ထူးထူးခြားခြား ဖြစ်သွားတာပါ။ သူတို့ကတော့ ကျနော် မြင်တာတော့ ဖိအားပေးတဲ့ ပုံစံ တခုတော့ ဖြစ်နေပါတယ်။ သူတို့ကလေ။ ဒီ ၄,၀၀၀ ကနေ ၁၅,၀၀၀ ထိ အကောက်ခွန်ကို တင်လိုက်တယ် ဆိုတော့လေ မဝယ်ချင်ဘူးလို့ ပြောတဲ့ သဘောနဲ့ တူနေပါတယ်။
သိင်္ဂ ီထိုက်။ ။ မြန်မာဆန်က ပြည်ပဈေးကွက်ကို မယှဉ်နိုင်တဲ့ သဘောများ ဖြစ်နေလား။ ဈေးများ အရမ်းကြီးလွန်းနေပါလား။
ဦးသန်းဝင်း။ ။ ကျနော်တို့ မြန်မာနိုင်ငံ ဆန်တွေက ပြည်ပဆန်တွေကို မယှဉ်နိုင်တာ အချက် ၃ ချက်လောက် ရှိပါတယ်။ နံပတ် ၁ အချက်က ကျနော်တို့ မြန်မာနိုင်ငံက တောင်သူတွေ သုံးနေတဲ့ ဓာတ်မြေသြဇာက တရုတ်နိုင်ငံက တဆင့် လာရတာပါ။ အဲဒီတော့ ယူရီးယား ဓာတ်မြေသြဇာ တအိတ်က သုံးသောင်း ကျော်ကျော် လေးသောင်းလောက် ပေါက်ဈေးရှိပါတယ်။ ကျနော်တို့ ဘင်္ဂလားဒေရှ့်မှာ ဆိုရင် အစိုးရက ဓာတ်မြေသြဇာ တအိတ်ကို မြန်မာငွေ ၇၀၀၀ - ၈၀၀၀ နဲ့ဘဲ ရောင်းပေးတာပါ။ အဲဒါ တချက် ကျနော်တို့ မြန်မာ တောင်သူတွေက ဓာတ်မြေသြဇာကို ဈေးကြီးပေးပြီးတော့ ဝယ်ရတာ ဖြစ်ပါတယ်။
နောက်တချက်က ဘင်္ဂလားဒေရှ့်မှာ လယ်တဧကမှာ တင်း ၁၆၀ လောက် ၁၈၀ လောက်ထိ ထွက်တဲ့ Hybrid မျိုးတွေကို စိုက်နေပါပြီ။ တနိုင်ငံလုံး။ ၉၉ ရာခိုင်နှုန်းလောက်။ ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ ကျနော်တို့ ရိုးရိုးမျိုးတွေကို စိုက်နေတဲ့ အတွက် တဧကကို ခန့်မှန်းခြေ ကျနော်တို့ မြန်မာ အစိုးရ သတ်မှတ်ထားတာက တင်း ၅၀ နဲ့ ၇၀ ကြားမှာဘဲ သတ်မှတ်ထားပါတယ်။ ကျနော်တို့ အဲဒီမှာ အထွက်အား လျော့တဲ့ အတွက် လယ်သမားရဲ့ ဝင်ငွေဟာ တဝက်အား ကျဆင်းသွားပါတယ်။ ဓာတ်မြေသြဇာမှာ ဈေးပိုတယ်။ နောက်ပြီးတော့ စပါးထွက်တဲ့ဟာမှာ တဝက်လောက် အောက်ကို ရောက်သွားပါတယ်။ တခြားနိုင်ငံနဲ့ စာရင်။
နောက်တချက်က တခြားနိုင်ငံမှာ ဆိုရင် ထွက်လာတဲ့ ဆန်စပါးတွေကို ဈေးနှုန်း ထိန်းကျောင်းပေးတဲ့ အဖွဲ့အစည်း ရှိပါတယ်။ အစိုးရ အဖွဲ့နဲ့ သူဌေးတွေက။ သူတို့က နေပြီးတော့ ထိန်းကျောင်းပေးပါတယ်။ နောက်ပြီးတော့ တောင်သူတွေ သိုလှောင်မယ့် နေရာ ဂိုထောင်တွေ အဆောက်အအုံတွေ နိုင်ငံ အနှံအပြားမှာ ဆောက်ထားပါတယ်။ အဲဒီနေရာမှာ တောင်သူက နေပြီးတော့ မျှတတဲ့ ဈေးနှုန်း တခုနဲ့ ကိုယ့်စပါးကို သိုလှောင်လု့ိ ရပါတယ်။ ဒါမှမဟုတ် အခမဲ့ ဆိုရင်လည်း အခမဲ့ပေါ့။ အဲဒီ အချက်သုံးချက်နဲ့ ကျနော်တို့ မြန်မာ တောင်သူတွေနဲ့ ဘင်္ဂလားဒေရှ့် တောင်သူတွေနဲ့ အိန္ဒိယ တောင်သူတွေနဲ့ အဲလို ကွာခြားနေတာပါ။
သိင်္ဂ ီထိုက်။ ။ ဒီစပါးတွေကို ထားဖို့ သိုဖို့ ရောက်တော့ရော ဘယ်လောက် အခက်အခဲ ဖြစ်နေပါသလဲ နိုင်ငံတဝန်းမှာ။
ဦးသန်းဝင်း။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့ အခု နွေစပါး စိုက်တဲ့သူ ဆိုရင် တောင်သူတွေ ဆိုရင် သူ့မှာ သိုလှောင်တဲ့ နေရာ မရှိဘူးဆိုရင် ဖြစ်တဲ့ ဈေးနဲ့ သူတို့က ချရောင်းရပါတယ်။ ကျနော်တို့ လယ်ကွက်မှာပုံထားရင် စပါးက ပျက်မှာ စိုးလို့။ အဲဒါကို စပါးကို အရောင်းအဝယ် လုပ်နေတဲ့ ကုန်သည် ပွဲစားတွေက သူတို့ အတွက် အမြတ်ကျန်အောင် ဈေးချပြီးတော့ ဝယ်ပါတယ်။ အဲလို ဈေးချ ဝယ်ရင်း ဝယ်ရင်းနဲ့ ဈေးချလို့ ရသလောက် ချပြီး တချို့ ဝယ်သွားတာလည်း ရှိပါတယ်။ အဲဒါ သိုလှောင်တဲ့ နေရာ မရှိတာလည်း တချက်ပါပါတယ်။ စပါးဈေး ကျတာက။ နောက်ပြီးတော့ နိုင်ငံခြားကို ကျနော်တို့ တင်ပို့နေတဲ့ ဆန်စပါးတွေကိုပေါ့ အခြောက်ခံ စက်တွေ ကျနော်တို့ နိုင်ငံမှာ အမြောက်အများ လိုနေပါတယ်။ အဲဒီ ဘင်္ဂလားဒေရှ့်တို့ အခြား နိုင်ငံတွေမှာ အိန္ဒိယတို့မှာ ဆိုရင် အခြောက်ခံ စက်တွေကို အစိုးရက နှစ်ရှည် အကြွေးစနစ်နဲ့ ရောင်းပေးပါတယ်။ အဲဒါက ကျနော်တို့ စပါး အရည်အသွေး ကျရတာ တပိုင်းပါ။
နောက်တပိုင်းက ကြိတ်ခွဲထုတ်လုပ်တဲ့ နေရာမှာ ဆန်စက်တွေကို ISO လက်မှတ်ရတဲ့ လူတွေကို အန္တရာယ် မပေးနိုင်တဲ့ စက်တွေနဲ့ ကြိတ်ခွဲထုတ်လုပ်ခိုင်းပါတယ်။ အဲဒါကိုလည်း အစိုးရက နှစ်ရှည် ချေးငှားပေးပါတယ်။ ဒါ နိုင်ငံ စီးပွားရေး တည်ဆောက်နေတာပါ။ ဒီ ဆန်စပါး လုပ်ပေးတယ် ဆိုတာက။ အဲဒါမှ အစိုးရက နေပြီးတော့ ပြည်သူလူထုရဲ့ အလုပ်အကိုင် ရရှိတယ်။ အစိုးရလည်း အခွန်ငွေ ရရှိတယ်။ အဲလို ပုံစံမျိုး စနစ်နဲ့ သွားနေတာပါ။ ကျနော်တို့ နိုင်ငံမှာ ကျတော့ အခြောက်ခံစက် ဝယ်မယ်ဆိုရင် ကိုယ့်မှာ ရှိမှဝယ် မရှိရင် မဝယ်နဲ့ ဆိုရင် အခြောက်ခံ စက်က ကျနော်တို့ ၁၀ ရာခိုင်နှုန်းတောင် မရှိဘူး ဖြစ်နေပါတယ်။ အဲဒီတော့ နိုင်ငံတကာ အရည်အသွေးရှိတဲ့ စက်တွေလည်း လိုပါတယ်။ ဘင်္ဂလားဒေရှ့်တို့ အိန္ဒိယ တို့ဆိုရင် အရည်အသွေးရှိတဲ့ စက်တွေ အတွက် အစိုးရက နှစ်ရှည် ထုတ်ချေးပေးပါတယ်။ ကျနော်တို့ နိုင်ငံမှာကျတော့ အဲလို အခက်အခဲတွေက ထုတ်လုပ်တဲ့ Professional ထုတ်လုပ်တဲ့ စက်ပိုင်းမှာလည်း အခက်အခဲ ရှိတယ်။ အခြောက်ခံ စနစ်ပေါ့ အခု နွေစပါး စိုက်ပြီးတော့ ချက်ချင်း အခြောက်ခံ ရမယ်၊ မိုးစပါး စိုက်ပြီး အခြောက်ခံရမယ့် စက်တွေပေါ့ အခြောက်ခံတဲ့ Dryer တွေ နိုင်ငံအဝှန်းမှာ ၉၀ ရာခိုင်နှုန်းက မရှိပါဘူး။အဲဒီတော့ ကျနော်တို့ လုပ်ငန်း လည်ပတ်တာ အခက်အခဲ ရှိပါတယ်။
သိင်္ဂ ီထိုက်။ ။ အခု လောလောဆယ်ရော စပါး တင်း ၁၀၀ ဘယ်ဈေးပေါက်ပါလဲရှင်။
ဦးသန်းဝင်း။ ။ အခု စပါး တင်း ၁၀၀ ကို ၄၅၀,၀၀၀ နဲ့ ၅၀၀,၀၀၀ ကြား မှာတော့ ရှိပါတယ်။ ဒါပေမယ့် အရောင်းအဝယ်က သိပ်ပြီးတော့ မဖြစ်ပါဘူး။ ကျနော်တို့ ကိုယ့်မြန်မာလူမျိုးတွေ စားတဲ့ ပေါ်ဆန်းမွှေးတို့ဘဲ ပြည်တွင်းသုံးလောက်ဘဲ အရောင်းအဝယ် ဖြစ်နေတာပါ။ ကျန်တဲ့ ဧည့်မထ အုပ်စုကတော့ အရောင်းအဝယ် မဖြစ်ဘဲနဲ့ ကျနော်တို့ ရပ်တန့်နေပါတယ်။ မနှစ်က ဆိုရင် ဆန်တအိတ်ကို ဘုရင့်နောင် ဈေးကွက်မှာ ၂၃,၀၀၀ ထောင်ထိ ဖြစ်ခဲ့တဲ့ ဆန်တွေက အခု ၁၈,၅၀၀ နဲ့ အရောင်းအဝယ် စီးဆင်းနေပါတယ်။