လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်လို့ ရဲကို တိုင်ကြားတဲ့ ဘင်္ဂလားဒေ့ရှ်ကျောင်းသူကို မီးရှို့သတ်တဲ့အမှုကို အရေးယူဖြေရှင်းဖို့ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး ပြစ်မှုကျူးလွန်သူအားလုံးကို အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hassina က ကတိပေးထားပါတယ်။
အသတ်ခံရသူ အသက် ၁၉ နှစ်အရွယ် Nusrat Jahan Rafi ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ ရဲကို တိုင်ကြားခဲ့တာပါ။ Rafi ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သူတွေက Rafi ကို သူတက်နေတဲ့ အစ္စလာမ်မစ် ဘာသာရေးကျောင်း ခေါင်မိုးပေါ်ကို မြှားခေါ်သွားပြီး ရဲတိုင်ထားတဲ့ အမှုကို ရုတ်သိမ်းဖို့ ဖိအားပေး ပြောဆိုခဲ့ပါတယ်။
Rafi က အမှု ပြန်ရုတ်သိမ်းမပေးနိုင်ဘူးလို့ ပြောတဲ့အခါ Rafi ကို ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ခဲ့ပါတယ်။ Rafi ကို မီးရှို့သတ်မှုနဲ့ ဆက်စပ်ပြီး လူ ၁၈ ယောက်ကို ရဲဖမ်းထားပြီး အဲဒီထဲက တယောက်ကတော့ ဒီလို မီးရှို့သတ်ဖို့ ကျောင်းအုပ်ကြီးက ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အကြောင်း Rafi က မတ်လနှောင်းပိုင်းတုန်းက ရဲစခန်းမှာ တိုင်ခဲ့ပေမယ့် ဒေသဆိုင်ရာရဲမှူးကြီးက သူရဲ့ တိုင်ကြားမှုက အရေးမကြီးဘူးဆိုပြီး သူ့ကို ငြင်းလိုက်တဲ့ ရုပ်သံဖိုင် ထွက်လာပါတယ်။
ဖမ်းထားတဲ့ သူတွေထဲက အနည်းဆုံး ၅ ယောက်ဟာ Rafi ရဲ့ အတန်းဖော်တွေ ဖြစ်ကြပြီး သူတို့က Rafi ကို လည်စီးပဝါနဲ့ ချည်တုပ်ပြီး မီးရှို့ခဲ့ကြတာလို့ စုံစမ်းစစ်ဆေးရေးမှူး Iqbal က AFP သတင်းဌာနကို ပြောပါတယ်။
ကိုယ့်ကိုကိုယ်သတ်သေတဲ့ ပုံစံအဖြစ် အကွက်ဆင်ထားခဲ့ပေမယ့် လက်တွေ ခြေတွေကို တုပ်ထားတဲ့ ပဝါက မီးလောင်ပြီး ပြတ်သွားတဲ့အတွက် Rafi က မီးလောင်လျက်နဲ့အောက်ထပ်ကို ပြေးဆင်လာနိုင်ခဲ့ပြီး မသေခင် သူ့ဖြစ်ရပ် ပြန်ပြောတာကို ရုပ်သံဖိုင်နဲ့ ဖမ်းနိုင်ခဲ့ပါတယ်။
Rafi ရဲ့ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်း မီးလောင်ခဲ့ပြီးနောက် ဧပြီလ ၁၀ ရက်နေ့မှာ သူ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။