မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ သန်းဝက်ကျော်ကိုထားဖို့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကို ဘင်္ဂလားဒေ့ရှ်က ဆောက်နေတယ်လို့ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာပြောပါတယ်။
လောလောဆယ်မှာ နယ်စပ်တလျှောက်က ပြန့်ကျဲနေတဲ့ စခန်း ၂၃ ခုမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေကို Cox’s Bazar ဒေကသ ဗဟိုစခန်းတခုထဲကို ပြောင်းရွှေ့မယ်လို့ ဘင်္ဂလားဒေ့ရှ်၊ ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေးဆိုင်ရာဝန်ကြီး Mofazzal Hossain Chowdhury Maya က ကြာသပတေးနေ့မှာပြောပါတယ်။ ပြောင်းရွှေ့တာပြီးသွားရင် တခြားစခန်းတွေအားလုံးကို ပိတ်ပစ်မယ်လို့ လဲ ဝန်ကြီး Chowdhury ကပြောပါတယ်။
“ကျနော်တို့ ရည်မှန်းချက်က ၁၉၇၈ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ကိုရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အားလုံးကို တနေရာထဲမှာ ထားဖို့ဖြစ်ပါတယ်။” လို့ ဝန်ကြီး Chowdhury ကပြောပါတယ်။
သြဂုတ်လကတည်းကဆိုရင် ဘင်္ဂလားဒေ့ရှ်ကို နောက်ထပ် ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ဝင်လာတာကြောင့် ၁၉၇၈ ခုနှစ် ကတည်းက ရောက်နေတဲ့လူတွေနဲ့ဆိုရင် စုစုပေါင်း ၈၀၀,၀၀၀ ကျော်ရှိသွားပါပြီ။
လက်ရှိမှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း အဖြစ် သတ်မှတ်ထားကြတာက ယူဂန်ဒါနိုင်ငံက Bidi Bidi ဒုက္ခသည်စခန်းဖြစ်ပြီး လူဦးရေ ၂၈၅,၀၀၀ လောက်ရှိပါတယ်။ ကင်ညာနိုင်ငံက Dadaab ဒုက္ခသည်စခန်းမှာတော့ လူဦးရေ ၂၄၅,၀၀၀ လောက်ရှိပါတယ်။
သြဂုတ်လ ၂၅ ရက်မတိုင်ခင်က ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံတွေအပါအဝင် လူပေါင်း ၁ သန်းကျော်ကို ကူညီ ဖို့ ရန်ပုံငွေ ဒေါ်လာ ၄၃၄ သန်း လိုမယ်လို့ ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောထားပါတယ်။