မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်နဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွေထဲမှာ အခု ဇူလှိုင်လဆန်း အတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ AA ရခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။ ရခိုင်မြောက်ပိုင်းဒေသမှာ ဆက်တိုက် ဆိုသလိုဖြစ်နေတဲ့ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်စဉ်တွေမှာ ဒေသခံ လယ်သမားတွေရဲ့ လယ်တဲတွေ မီးရှို့ဖျက်စီးခံရတာကြောင့်၊ လယ်ယာ လုပ်ငန်းတွေမှာလည်း အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နဲ့ ရခိုင်-ဘင်္ဂလားဒေ့နယ်စပ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင် အဖွဲ့တို့ ဇူလိုင် လ(၁)ရက်နေ့နဲ့(၂)ရက်နေ့တွေမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား ခဲ့တယ်လို့ AAပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြော ပါတယ်။
“ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် BP-71 ဝန်းကျင်မှာလဲဘဲ ဗမာ့တပ်မတော်ရဲ့ စစ်ကြောင်းတခုကို ကျွန်တော်တို့ဇူလိုင်လ (၁)ရက်နေ့ မနက်(၇)နာရီမှာတကြိမ်ပေါ့နော်။ နောက်ပြီးတော့ ဇူလိုင်လ(၂)ရက်နေ့ နေ့လယ်(၁၂)နာရီမှာ နောက်ပြီး အဲဒီညနေ(၃)နာရီ မိနစ်(၃၀)မှာတကြိမ် အဲဒီလိုမျိုး ကျွန်တော်တို့ကွန်မန်ဒိုတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာရှိတယ်။ နောက်ပြီးတော့ ဇူလိုင်လ (၂)ရက်နေ့မှာ မင်းပြားမြို့နယ်သာစည်ရွာရဲ့ အရှေ့ဖက်မှာ လည်းတိုက်ပွဲဖြစ်ခဲ့တယ်။ ဇူလိုင်လ (၁)ရက်နေ့မှာ နေ့လယ်(၁)နာရီ လောက်မှာ မင်းပြားမြို့နယ် ကပ်ဝဲတောင်ရဲ့အရှေ့ဖက် (၃)ကီလိုမိတာ လောက်အကွာမှာ ရခိုင့်တပ်တော်ရှိတဲ့နေရာကို ရန်သူဖက်ကနေပြီးတော့ အင်အား အလုံးအရင်းနဲ့ နေပြီးတော့မှ သူတို့တိုက်ခိုက်လာခဲ့တယ်။ အဲဒီမှာတိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာတော့ ရန်သူဖက်ကနေပြီးတော့ (၁၅)ဦးထက်မနည်း ကျဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ သူလည်း အများအပြားရှိတယ်။ ရန်သူ့အလောင်းတလောင်းအပါအဝင် စစ်လက်နက် ပစ္စည်းတွေလည်း ကျွန်တော်တို့သိမ်းဆီးရမိတာရှိတယ်။”
မင်းပြားမြို့နယ်၊ ကပ်ဝဲကျေးရွာ အရှေ့ဖက်တိုက်ပွဲမှာ မြန်မာစစ်တပ်ရဲ့ အလောင်း(၁) လောင်းအပြင် MA သေနတ်(၁) လက်၊ EY (၄) လုံး၊ MA-ကျည်(၁၉၀) တောင့်၊ MA-ကျည်ဘောက်(၄) ခု၊ လက်ပစ်ဗုံး(၃) ခုတို့ကို သိမ်းဆည်းရမိခဲ့တယ် လို့ AAဘက်က သတင်းထုတ်ပြန်ထားပါတယ်။
AAဖက်ကတော့ တိုက်ပွဲဖြစ်စဉ်အတွင်းတပ်မတော်ဖက်ကထိခိုက်မှု များတယ်လို့ ပြောဆိုထားပေမယ့် သီးခြားအတည် မပြုနိုင်သေးပါဘူး။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကိုမေးမြန်းရာမှာ ခရီးထွက်နေလို့ ဖြေဆိုဖို့ မအားကြောင်းပြောပါတယ်။ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ကို အကြိမ်ကြိမ်ဆက်သွယ်ပေမဲ့လည်း ဆက်သွယ် လို့မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ(၃၀)ရက်နေ့က ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာ ဖက်မှာ မြန်မာစစ်တပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
တိုက်ပွဲဖြစ်ပွားအပြီး မနေ့က ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာ အရှေ့ဖက် အလောင်းတောင်နားမှာရှိတဲ့ လယ်သမားတွေရဲ့ လယ်တဲတွေနဲ့ ကောက်ရိုးပုံတွေကို မြန်မာစစ်တပ်ကနေ မီးရှို့ခဲ့တယ်လို့ လယ်တဲမီးရှို့ခံရသူ လယ်သမားတဦးက ပြောပါတယ်။
“ကျွန်တော်တို့မင်းသားတောင်ရဲ့အရှေ့ဖက် အလောင်းတောင်ဆိုတဲ့နေရာမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ် ခင်ဗျ။ (၃၀)ရက်(၆)လပေါ့။ ပွဲပြီးတဲ့နောက် (၁)ရက်နဲ့(၂)ရက်မှာ လယ်သမားတွေ ဆောက်ထားတဲ့ တဲ တည်ထားတဲ့ ကောက်ရိုးပုံ အဲတာတွေကို မီးရှို့ဖျက်စီးလိုက်တာ။ တဲကတော့ (၂၃)လုံး ပါခင်ဗျ။ ကောက်ရိုးပုံက(၂၄)။ နွားသတ်ဖြတ်ကြတာကတော့ နွား(၂)ကောင်ပါခင်ဗျ။”
ဒါ့အပြင် အဲဒီဒေသဘက်ကို မြန်မာစစ်တပ်ကနေ ဖြတ်သန်းသွားလာနေတာကြောင့် လယ်သမားတွေ ကြောက်ရွံ့စိတ်နဲ့ လယ်ယာလုပ်ငန်း မစတင်နိုင်သေးဘူးလို့ အဆိုပါ လယ်သမားကပဲ ဆက်ပြောပါတယ်။
“ကျွန်တော်တို့မင်းသားတောင်နဲ့အလောင်းတောင်ကြားဆိုရင် လယ်ဧက ထောင်ချီပြီး ရှိပါတယ် ခင်ဗျ။ ဘာမှမလုပ် ရသေးပါဘူးခင်ဗျ။ နှစ်ရက်ခြား၊ သုံးရက်ခြား အဲဒီလိုမျိုး လာနေတဲ့ အခါကျတော့ တောင်သူလယ်သမားတွေက အခုချိန်ထိ လယ်လုပ်ဖို့ ဆိုတာ မရေရာသေးပါဘူးခင်ဗျ။”
လက်ရှိရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲ ဖြစ်စဉ်အတွင်း လယ်ယာစိုက်ပျိုး ဖို့ အဆင်သင့်မဖြစ်သေးတဲ့ လယ်ဧက တသိန်းနီးပါး ရှိမယ် လို့လည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ကနေ ထုတ်ပြန် ထားပါတယ်။