သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကိုထွက်ပြေးမယ့် ရိုဟင်ဂျာ ၃၀ ကျော် ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး


၂၀၁၈ ဧပြီလဆန်းက မလေးရှားမှာ ဖမ်းဆီးရမိတဲ့ ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာများ။
၂၀၁၈ ဧပြီလဆန်းက မလေးရှားမှာ ဖမ်းဆီးရမိတဲ့ ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာများ။

လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာဒုက္ခသည် (၃၀) ကို တားဆီးနိုင်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်က သောကြာနေ့မှာပြောပါတယ်။ AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

ဒီလရာသီဟာ ပင်လယ်ပြင်တွင်း လှိုင်းလေ ငြိမ်သက်နေတာကြောင့် ဒုက္ခသည်တွေ အခုလို ပင်လယ်ပြင်ဖြတ်ပြီး အရှေ့တောင်အာရှက အခြား နိုင်ငံတခုကို သွားရောက်ဖို့ အခွင့်အလမ်းပေါ်လာတာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို မလေးရှားနိုင်ငံဆီ လူကုန်ကူးမယ့် သံသယရှိသူ ၂ ဦး ကိုလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဆက်ဘဇား ခရိုင်မှာ ဖေဖေါ်ဝါရီ ၇-ရက်နေ့က ဖမ်းမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB အရာရှိ Asadud Zaman Chowdhury ကပြောပါတယ်။

“လှေစီးပြေးလုပ်မယ့် ရိုဟင်ဂျာ ၃၀ ကို လူကုန်ကူးသူတွေက တယောက်ကို အမေရိကန် ဒေါ်လာ (၁၀၀၀) ယူ ပါတယ်။ မလေးရှားမှာ အခွင့်အလမ်းတွေ ရှိမယ်ဆိုတဲ့ မက်လုံး ပေးမှုတွေနဲ့ ကော့ဆက်ဘဇား ဒုက္ခသည်စခန်း ကနေ ခေါ်ထုတ်သွားဖို့ ကြိုးစားတာကို ကျနော်တို့ ဖမ်းမိခဲ့တာပါ။”

ရိုဟင်ဂျာ အမျိုးသမီး ၁၇-ဦး ၊ အမျိုးသား ၇ဦးနဲ့ ကလေးငယ် ၆ဦးတို့ကို Teknaf ကမ်း ရိုးဒေသမှာ BGB အဖွဲ့က ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ Teknaf မြို့ဟာ မြန်မာနဲ့ ဘင်္ဂလား နှစ်နိုင်ငံကြားမှာ ရှိပါတယ်။ မူဆလင်အများစု နေထိုင်ပြီး လုပ်ကိုင် စားသောက်လို့ ရနိုင်တဲ့ မလေးရှား နိုင်ငံကို ထွက်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာတွေကို BGB က တားမြစ်ဖမ်းဆီးနိုင်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လကတည်းကဆိုရင် ၃ ကြိမ် ရှိသွားပါပြီ။ တချို့ ဒုက္ခသည်လှေတွေဟာ မြန်မာနိုင်ငံကနေ ထွက်လာကြတာဖြစ်ပါတယ်။

အဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၃၀ ထဲက အမျိုးသမီးတဦးကတော့ သူ မလေးရှားကိုရောက်ရင် သူတခါမှ မတွေ့ဘူးတဲ့ ရိုဟင်ဂျာအမျိုးသားတဦးကို လက်ထပ်ရမှာဖြစ်ကြောင်း ပြောပါတယ်။

“ဒီ မလေးရှားခရီးကိုသွားဖို့ ကျမ ဦးလေးက အကုန်ကျခံပြီး စီစဉ်ပေးခဲ့ပါတယ်။ ကျမနဲ့ လက်ထက်မယ်ဆိုတဲ့ အမျိုးသားကိုတော့ ဟိုရောက်မှပဲ တွေ့ဖူးတော့မှာပါ။”

ဒီလိုကာလဟာ ပင်လယ်ပြင်တွင်း ရာသီဥတုအခြေနေ ကောင်းလာတာကြောင့် လူကုန် ကူးသူတွေကလည်း မက်လုံးပေး စည်းရုံးရင်း အန္တရာယ်များတဲ့ လှေစီးခရီးနဲ့ မလေးရှား နိုင်ငံကို ထွက်ပြေးဖို့ကြိုးစားကြ တာပါ။ လူကုန်ကူးသူတွေဟာ ဘင်္ဂလားနယ်စပ် စခန်း ထဲက ဒုက္ခသည် ထောင်ပေါင်းများစွာကို ပင်လယ်ပြင် ဖြတ်တဲ့ လှေစီးခရီးနဲ့ မလေးရှားကို ပို့ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း လူကုန်ကူးသူတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင် တွေက နှိပ်နင်းခဲ့သလို ထိုင်းရေတပ်ကလည်း ဖမ်းမိခဲ့ပါတယ်။ နိုဝင်ဘာ ကနေ မတ်လ အထိ ပင်လယ်ပြင်တွင်း လှိုင်းလေငြိမ်သက်လေ့ ရှိပေမယ့် ပင်လယ်ခရီးကို စွန့်စား သွားကြတာပါ။ လူကုန်ကူးသူတွေက ငွေပိုရ လိုတာကြောင့် လှေနဲ့လူပမာန မဆန့်အောင် တင်ဆောင်တာကြောင့် အန္တရာယ်တွေနဲ့ ကြုံရလေ့ရှိပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ သြဂုတ်လအတွင်း မြန်မာလုံခြုံရေးတပ် တွေရဲ့ နယ်မြေ ရှင်းလင်းရေး ဖြစ်စဉ် အတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ခွာ လာခဲ့ကြပါတယ်။ အဆိုပါ ၇ သိန်း ကျော် ရောက်မလာခင်က ဘင်္ဂလားနယ်စပ်မှာ ရိုဟင်ဂျာဒုက္ခသည် ၃ သိန်းလောက် ရှိနေပြီးသားဖြစ်ပြီး သူတို့ကိုထောက်ပံ့ရေးမှာ အကန့်အသတ် တွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG