သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ဒီကနေ့ Cox’s Bazar က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ သွားပါတယ်။
“ဒီကအခြေအနေတွေကို ပိုပြီးနားလည်ဖို့၊ အိုးအိမ်စွန့်ထွက်ပြေးသူ အများအပြားကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို နားလည်ဖို့၊ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို နားလည်ဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ဒီကစခန်းတွေကိုလာရတာဟာ ကျမအတွက်တော့ တကယ့်ကို အရေးပါတဲ့ အခွင့်အလန်းတရပ်ပါပဲ။ WFP ၊ UNHCR ၊ Save the Children နဲ့ တခြားအဖွဲ့အစည်းအများအပြားဟာ သိပ်ကိုအရေးပါတဲ့ လူသားစာနာမှု အကူအညီပေးလုပ်ငန်းတွေကို လုပ်နေကြပြီး နည်းလမ်းလေးတခုနဲ့ အထောက်အကူပေးနိုင်တဲ့အပေါ် သြစတြေးလျနိုင်ငံအနေနဲ့ ကျေနပ်မိပါတယ်။” လို့ ဝန်ကြီး Payne က Kutupalong ဒုက္ခသည်စခန်းတွင်းက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရုံးရှေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီကိုလာတဲ့ သူ့ခရီးစဉ်တစိတ်တပိုင်းဟာ ဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ရေးဆိုင်ရာ မေးခွန်းတွေနဲ့ ဆက်စပ်တဲ့အခြေအနေ တွေကို ပိုပြီးနားလည်ဖို့၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့၊ ဒုက္ခသည်စခန်းတွေကလူတွေနဲ့ စကားပြောဆိုဖို့ ဖြစ်ပါတယ် လို့လည်း ဝန်ကြီး Payne ကပြောပါတယ်။
ဝန်ကြီး Payne ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်ဟာ ၁၉၉၈ ခုနှစ်ကတည်းကဆိုရင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတယောက် အနေနဲ့ ပထမဆုံး ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ဖြစ်သလို ၂၀၀၆ ခုနှစ်ကတည်းကဆိုရင် သြစတြေးလျအစိုးရအဖွဲ့ဝင်တဦးအနေနဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာနိုင်ငံကို လာခဲ့ဖူးပြီး စစ်တွေမြို့ကို သွားခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တာဝန်ရှိသူတွေနဲ့ ရခိုင်အရေး တွေ့ဆုံ ဆွေးနွေးခဲ့ပါ တယ်။
ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရက ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ ပြင်ဆင် လုပ်ဆောင်ထားပေမယ့် ပြီးခဲ့တဲ့လက ဒုက္ခသည်လက်ခံရေး အစီအစဉ်တခုကတော့ ပြန်လာသူမရှိတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။