သြစတေးလျ နိုင်ငံ ဆစ်ဒနီအခြေစိုက် Lowy နိုင်ငံခြား မူဝါဒရေးရာသိပ္ပံက နောက်ဆုံး ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဆိုရင် သြစတေးလျ နိုင်ငံသား တွေဟာ တရုတ်အပေါ် သံသယတွေ တိုးလာနေသလို သြစတေးလျ နိုင်ငံရဲ့ ဒီမိုကရေစီရေးရာမှာ နိုင်ငံခြားက ဝင်ရောက်နှောက်ယှက် နိုင်ခြေရှိလာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဆစ်ဒနီက Phil Mercer ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
Lowy နိုင်ငံခြား မူဝါဒရေးရာသိပ္ပံက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဆိုရင်တော့ သြစတေးလျ နိုင်ငံရဲ့ စီးပွါးရေးဟာ တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရသလို သူတို့နိုင်ငံထဲမှာလည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက သိပ်များနေတယ်လို့ သြစတေးလျ နိုင်ငံသား အများအပြားက ယုံကြည်ကြောင်း ပြသနေ ပါတယ်။
တရုတ်အပေါ် သဘောထားကလည်း လွန်ခဲ့တဲ့ ၁၂ လတာကာလ အတွင်း ပိုတင်းမာလာပုံပေါ်နေတာပါ။ ဒါကလည်း တောင်တရုတ် ပင်လယ်ပြင်ထဲ တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွါးမှုတွေနဲ့ အတူ သြစတေးလျ ဆက်သွယ်ရေး ကွန်ယက်ထဲ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေ အပေါ် စိုးရိမ်မှုတွေနဲ့ တရုတ်က ဆိုင်ဘာတိုက်ခိုက်မှုတွေ၊ တပါးသူရဲ့ပြည်တွင်းနိုင်ငံရေးမှာ ဝင်စွက်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်လာတာကြောင့် ဖြစ်ပါတယ်။
တရုတ်ကို တာဝန်ခံတာဝန်ယူမှုရှိတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံအဖြစ်နဲ့ သြစတေးလျ နိုင်ငံသားတွေ ဘက်က ဘယ်လောက် ယုံကြည်မှု ရှိတယ် ဆိုတာကို သိရဖို့ လွန်ခဲ့တဲ့ ၁၅ နှစ်ကစပြီး နှစ်စဉ် စစ်တမ်းကောက်ကြည့်နေတာ ဖြစ်ပြီး ဒီနှစ်မှာတော့ ယုံကြည်မှု အနည်းဆုံး ဖြစ်နေတာကို စစ်တမ်းမှာ တွေ့နေရတယ်လို့ Lowy နိုင်ငံခြား မူဝါဒရေးရာသိပ္ပံက သုတေသနပညာရှင် Natasha Kassam ကပြောပါတယ်။
“အခုဆိုရင် သြစတေးလျ နိုင်ငံသား အားလုံးရဲ့ ၃၂ ရာခိုင်နှုန်း ကပဲ တရုတ်ကို ကမ္ဘာမှာ တာဝန်သိသိနဲ့ လုပ်ဆောင်တတ်တဲ့ နိုင်ငံလို့ ယုံကြည်ကြတာပါ။ ဒါဟာ မနှစ်- ၂၀၁၈ ကနဲ့ယှဉ်ရင် ၂၀ ရာခိုင်နှုန်း လောက်ကို ထိုးကျ သွားတာကြောင့် တကယ်ကို သိသာနေပါတယ်။ Lowy သိပ္ပံရဲ့ စစ်တမ်းတွေကို ပြန်ကြည့်မယ် ဆိုရင် သြစတေးလျ နိုင်ငံရဲ့ တရုတ်နဲ့ ဆက်ဆံရေးမှာ စိုးရိမ်မှုတွေ တိုးလာနေတာကို ပြတဲ့အချက်တွေ အများကြီးရှိနေတာကို တွေ့ရမှာပါ။”
တရုတ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ သိသိသာသာတိုးလာတဲ့ ပုံတွေ့နေရပေမယ့် Australia နိုင်ငံရဲ့ ကာလတာရှည် စစ်ရေးမဟာမိတ် ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ထောက်ခံမှုမှာတော့ ထူးထူးခြားခြား တိုးတက်လာတာ မတွေ့ရပါဘူး။ အမေရိကန် သမ္မတ Donald Trump အပေါ် ယုံကြည်မှုရှိတယ်လို့ စစ်တမ်းအတွက် မဲပေးသူက လေးပုံတပုံပဲ ရှိတာပါ။
သြစတေးလျ နိုင်ငံဟာ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံဖြစ်ပြီး အာရှနိုင်ငံတွေ အထူးသဖြင့် ဂျပန်၊ စင်္ကာပူတို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အလယ်အလတ် အင်အားကြီး နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အရင်က ဗြိတိန်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ ကိုလိုနီနိုင်ငံဖြစ်ပြီး ခုထိလည်း ဗြိတိန်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိနေဆဲပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ဆိုရင် လုံခြုံရေးအရ သိပ်ကို အရေးပါတဲ့ မဟာမိတ်ဖြစ်သလို တရုတ်နဲ့ ဆိုရင်တော့ သြစတေးလျ နိုင်ငံရဲ့ လက်ရှိကြွယ်ဝမှုကို ပေးတဲ့ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် အားထားနေရတာ ဖြစ်ပါတယ်။
ဒီလို သံတမန်ဆက်သွယ်ရေး ပုံစံအမျိုးမျိးနဲ့ ကွဲပြားမှုတွေကြားမှာ ရှုပ်ထွေးတဲ့ ညှိနှိုင်းမှုတွေနဲ့ စီစဉ်ဆောင်ရွက် နေရတာတွေဟာ သြစတေးလျ အစိုးရအတွက် မရိုးနိုင်တဲ့ စိန်ခေါ်မှု တခုဖြစ်နေတာပါ။
Lowy နိုင်ငံခြား မူဝါဒရေးရာသိပ္ပံအတွက် လူမှု သုတေသန အဖွဲ့အစည်းတခုက မတ်လ အလယ် ကနေ မတ်လကုန်အတွင်း သြစတေးလျ နိုင်ငံသား ၂ ထောင်ကျော်ကို စစ်ဆေးမေးမြန်းပြီး စစ်တမ်းကောက်ယူပေးခဲ့တာ ဖြစ်ပါတယ်။