မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတဲ့ဖွဲ့စည်းပုံတရပ်ကို ပြင်ဆင်ရေးဆွဲနိုင်ပြီးတဲ့အချိန်ကျမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြီးပြတ်နိုင်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံ မူဝါဒဆိုင်ရာဟောပြောပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာ့အသွင်ကူးပြောင်းရေးမှာ အဓိကရင်ဆိုင်နေရတဲ့ အကြပ်အတည်းတခုဖြစ်တဲ့ ရခိုင်ပဋိပက္ခဟာလည်း အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်ဟာ ကနဦးအကြောင်းတရားဖြစ်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံ အရှေ့တောင်အာရှလေ့လာရေးသုတေသနဌာန ISEAS က ကြီးမှူးလုပ်တဲ့ ပွဲမှာ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးနဲ့ စိန်ခေါ်ချက်တွေနဲ့ ရှေ့အလားအလာ မူဝါဒဆိုင်ရာဟောပြောချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ။ ဒီ မိန့်ခွန်းကောက်နုတ်ချက်တွေကို ကိုသားညွန့်ဦးက ပြောပြပါမှာပါ။
မူဝါဒဆိုင်ရာ ဒီမိန့်ခွန်းထဲမှာတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံတကာက အထူးစိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ်က အကြပ်အတည်းအခြေအနေတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဓိကထားရှင်းလင်းသွားပါတယ်။ ဒါ့အပြင် မြန်မာ့စီးပွားရေး ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ ကျန်းမာရေး ပညာရေး လူမှုရေးဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးရဲ့ နိုင်ငံရေးအရ စိန်ခေါ်ချက်တွေကိုလည်း ချပြ ပြောဆိုသွားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အဓိကထားလုပ်မယ်လို့ ကြွေးကြော်ပြီးတက်လာတဲ့ NLD ပါတီအနေနဲ့၊ သူ့အစိုးရလက်ထက်အတွင်း ဖွဲ့စည်းပုံပြင်ရေးဟာ အတော်လေး အသံမှိန်ခဲ့တာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု မူဝါဒဆိုင်ရာမိန့်ခွန်းမှာတော့ ဖွဲ့စည်းပုံပြင်ရေးဟာ အသွင်ကူးပြောင်းရေးအတွက် အဆုံးအဖြတ်ပေးမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့ ပြောသွားပါတယ်။
“ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ကျမတို့အစိုးရဲ့ ရည်မှန်းချက်တရပ်ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဒါကို ပြန်ပြီး အလေးထားပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အဆုံးသတ်တဲ့နေရာမှာ စစ်မှန်တဲ့ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံတရပ် အပြီးသတ်ရေးဆွဲချမှတ်မှု ပါဝင်ရမှာဖြစ်ပါတယ်။ အခုအထိတော့ ဒါဖြစ်မလာသေးပါဘူး။ ဒီအတွက် ညှိုနှိုင်းဆွေးနွေးမှုတွေနဲ့ တဖြေးဖြေးလုပ်သွားရမယ်လို့ ကျမတို့ ရည်မှန်းထားပါတယ်။”
နိုင်ငံတကာက အထူးစိတ်ဝင်စားနေတဲ့ ရခိုင်မြောက်ပိုင်းပဋိပက္ခအခြေအနေနဲ့ပတ်သက်လို့လည်း လက်ရှိ မြန်မာအစိုးရဆောင်ရွက်ချက်တွေ ကိုင်တွယ်ပုံတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောခဲ့သလို၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်းပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်ဝါဒစွဲလုပ်ရပ်တွေဟာ အခုအချိန်အထိ အဲဒီဒေသကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။
“ အကြမ်းဖက်ဝါဒစွဲလုပ်ရပ် ခြိမ်းခြောက်မှုတွေဟာ ရခိုင်ပြည်နယ်က လူသားရပ်တည်မှုအကြပ်အတည်းကို ဖြစ်စေခဲ့တဲ့ ကနဦးအကြောင်းတရားဖြစ်ပြီး၊ ဒီနေ့အထိကို ဒီလုပ်ရပ်က ခြိမ်းခြောက်မှုအဖြစ် ရှိနေပါတယ်။ လုံခြုံရေးဆိုင်ရာ ဒီစိန်ခေါ်ချက်ကို မဖြေရှင်းနိုင်သရွေ့တော့ လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုတွေက ရှိနေဦးမှာပါ။ ဒီခြိမ်းခြောက်မှုဟာ မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘူး၊ ကျမတို့ ဒေသနဲ့နိုင်ငံတကာကိုပါ ခြိမ်းခြောက်မှုတရပ်ဖြစ်စေပါတယ်။ အကြမ်းဖက်ဝါဒစွဲလုပ်ရပ်တွေကို ဘယ်လိုအကြောင်းတရားနဲ့ပဲ လက်ခံခွင့်လွှတ်လို့မရပါဘူး။”
မြန်မာနဲ့ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ လတ်တလော အာရုံစိုက်နေကြတဲ့အထဲမှာ ရခိုင်အခြေအနေပြီးရင်တော့ မြန်မာနိုင်ငံတွင်းရင်းနှီးမြုပ်နံှမှုကိစ္စဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့အမြင် ပြောပါတယ်။ ဒီအတွက်လည်း မြန်မာဖက်က ပြင်ဆင်ဆောင်ရွက်နေမှုကို သူက ရှင်းပြပါတယ်။
“ မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံသူတွေ အဆင်ပြေပြေ ချောချောမွေမွေနဲ့ လုံခြုံစိတ်ချရဖို့၊ သူတို့ရဲ့ အကျိုးစီးပွားနဲ့ ကျမတို့နိုင်ငံဖွံဖြိုးရေးရည်မှန်းချက်တွေနဲ့ ဟန်ချက်ညီဖို့ ဆိုတဲ့ စီးပွားရေးဝန်းကျင်ကောင်းတခုဖြစ်လိုပါတယ်။ နိုင်ငံတွင်းမှာ စီးပွားရေးအလေ့အထကောင်းတွေနဲ့ စီမံအုပ်ချုပ်မှုကောင်းဖြစ်လာဖို့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာဥပဒေ၊ စီးပွားရေးကုမဏီလုပ်ငန်းဥပဒေတွေကို အသေအချာ ပြင်ဆင်ရေးဆွဲထားပါတယ်။ အဟန့်အတားတွေကိုဖယ်ရှားပြီး၊ လုပ်ငန်းတွေမြန်မြန်ဆန်ဆန်ဖြစ်ဖို့လည်း ဆောင်ရွက်ထားပါတယ်။”
ဒါ့အပြင်လက်ရှိအစိုးရရဲ့ ဦးစားပေးဆောင်ရွက်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြောဆိုရာမှာ နှစ်နှစ်အတွင်း ၂၁ ရာစုပင်လုံညီလာခံ သုံးကြိမ်ခေါ်ယူခဲ့တဲ့အတွက် အဲဒီမှာ တိုးတက်မှုရလဒ်တွေရခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း တဖက်မှာ အခက်အခဲတွေ ရှိနေတာကိုလည်း မငြင်းပါဘူး။
“ စိန်ခေါ်ချက်တွေနဲ့ ကြီးကြီးမားမားရှိနေသလို တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြားမှာရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချင်းအချင်းအကြားမှာရော လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေပါတယ်။ ဒီစိန်ခေါ်ချက်တွေကို အမြဲမပြတ်စောင့်ကြည့် သတိပြုနေပါတယ်။ ဒီအတွက် အပြန်အလှန်နားလည်မှုတွေနဲ့ ညှိုနှိုင်းဖြေရှင်းဆောင်ရွက်သွာဖို့ ရည်မှန်းထားပါတယ်။”
တချိန်တည်းမှာ ကျန်းမာရေး ပညာရေး လူမှုရေးဆိုင်ရာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ စိန်ခေါ်ချက်တွေကို ချပြခဲ့ပါတယ်။ အခုလိုမြန်မာနိုင်ငံကြုံနေရတဲ့ အခက်အခဲတွေ စိန်ခေါ်ချက်တွေကိုလည်း စင်ကာပူနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအနေနဲ့ အနီးစပ်ဆုံး နားလည်မှုပေးနိုင်မယ်လို့လည်း သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်းနဲ့၊ မြန်မာလူထုအနေနဲ့ ဒီ အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် စွမ်းပကားရှိတယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲ ပြောဆိုသွားပါတယ်။