နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေအဖြစ် ၂၀၀၀ ကျော်ခုနှစ်ကာလတွေမှာ တာဝန်ယူခဲ့တဲ့ ရှေနေဦးကြည်ဝင်းဟာ ဒီကနေ့ မနက်အစောပိုင်းက ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၈၆ နှစ်အရွယ်ရှိပြီး၊ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဦးကြည်ဝင်းဟာ ၁၉၅၀ နဲ့ ၁၉၆၀ ဝန်းကျင်တွေမှာ အစိုးရ အထွေထွေဦးစီးဌာနမှာ နယ်ပိုင်ဝန်ထောက်၊ မြို့ပိုင်ဝန်ထောက်၊ ၁၉၇၀ ဝန်းကျင်မှာ အစိုးရ တရားရေးဌာနမှာ တရားသူကြီး၊ တရားရေးဝန်ထမ်းနဲ့ ဥပဒေအရာရှိ တာဝန်တွေကို ယူခဲ့သူပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်အမှုမှာတော့ အစိုးရရှေ့နေတဦး အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ်မှာ အစိုးရတာဝန်တွေက အငြိမ်းစားယူခဲ့ပြီး ပြင်ပ တရားရုံးချုပ်ရှေ့နေတဦး ဖြစ်လာခဲ့သလို ပုဂ္ဂလိက ဥပဒေ အကျိုးဆောင်အဖွဲ့ကို လည်း ဦးဆောင် ဖွဲ့စည်းခဲ့သူတဦးပါ။ ၂၀၀၀ ခုနှစ်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေမှာ အကျိုးဆောင် ရှေ့နေအဖြစ် တာဝန်ယူခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဦးအောင်ဆန်းဦးတို့ရဲ့ နေအိမ်မွေဆိုင်မှု၊ အမေရိကန် နိုင်ငံသား ဂျွန် ယက်တော (John Yettaw) ဒေါ်စုခြံထဲ ခိုးဝင်ရောက်တဲ့အမှု၊ ဒီပဲယင်းအမှု စတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုတွေကို အကျိုးဆောင် ပေးခဲ့ပါတယ်။
၂၀၁၂ -၁၃ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ အဖွဲ့ဝင်တဦး အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ကျန်းမာရေးအရ တာဝန်တွေက အနားယူခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားလေးယောက် မြေးနှစ်ယောက်တို့ ကျန်ရစ်ခဲ့ပါတယ်။