ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ ထိုင်းတောင်ပိုင်းဆုံခလာခရိုင်ကိုမောင်းနှင်လာတဲ့ နှစ်ထပ်ခရီးသည်ယာဉ်တစီး ဒီဇင်ဘာလ ၅ရက်နေ့ မနက်တနာရီ မတိုင်ခင်မှာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာကြောင့် အနည်းဆုံး မြန်မာတဦးအပါအဝင် လူ ၁၆ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာတွေ ပြင်းထန်စွာရခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဘန်ကောက်မြို့ကနေ ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာခရိုင်၊ နာထဝီ မြို့ကို မောင်းနှင်ထွက်ခွာလာတဲ့ Sri Siam (စရီ စီယံ) ကုမ္ပဏီပိုင် နှစ်ထပ် ခရီးသည်တင်ကားဟာ ပရာကျွတ် ခီရီခန် ခရိုင်၊ ထပ်စကဲ မြို့နယ်၊ ဝေ့ယမ် အမှတ်၇ ကျေးရွာအုပ်စု၊ ဖက်ကစန် အဝေးပြေးလမ်းမပေါ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက သစ်ပင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာပါ။
အဲဒီလို တိမ်းမှောက်ပြီးတဲ့နောက် ကားရဲ့ ဘယ်ဘက် တခြမ်းလုံး ကြေမွသွားခဲ့ တာဖြစ်ပါတယ်။ ကားပေါ်မှာ ခရီးသည် ၄၆ဦးနဲ့ ကားမောင်းသမား၊ ကားစပယ်ယာတွေအပါအဝင် လူ ၄၉ ဦး လိုက်ပါလာတာပါ။ ယာဉ်မှောက်မှုကြောင့် သေဆုံးသွားသူတွေထဲ အနည်းဆုံး မြန်မာတဦး အပါအဝင် လူ ၁၆ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကနဦး သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးဒဏ်ရာရ အခြေအနေနဲ့ပတ်သက်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက အခုလိုပြောပါတယ်။
“ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းတောင်ပိုင်း ဆုခလာခရိုင်၊ နထဝီမြို့ကို ပြေးဆွဲနေတဲ့ နှစ်ထပ်မှန်လုံကားက လမ်းဘေး သစ်ပင်ကို ဝင်တိုက်တယ်။ အဲဒီမှာ လူ၁၆ယောက်သေတယ်။ အဲဒီမှာဒဏ်ရာရသူ ၃၃ယောက်ရှိတယ်။ အဲဒီထဲမှာ မြန်မာတွေ ၆ဦးလောက် ပါဝင်တယ်။ လောလောဆယ် ဒဏ်ရာရသူ ၃၃ယောက်လုံးကို ထပ်စကဲ ဆေးရုံနဲ့ ပရာကျွတ် ခီရီကန် ဆေးရုံံကြီးမှာ နှစ်နေရာခွဲပြီး ကုသနေရတယ်။”
သေဆုံးသူစာရင်းထဲမှာ မြန်မာနိုင်ငံသူ မချယ်ရီဦး ဆိုသူရဲ့ နံမည်ပါတယ်။ ဒီယာဉ်မတော်တဆမှုကြောင့် သေဆုံးသူတွေထဲ ကားမောင်းသူ နောက်တဦးနဲ့ ကားစပါယ်ယာ (ဝန်ထမ်း) တဦးလည်း သေဆုံးခဲ့ပါတယ်။ အခုလို ကားတခြမ်းလုံးကြွေမွသွားတဲ့အထိ လမ်းဘေးသစ်ပင်ကိုဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ ကားမောင်းသမားရဲ့ပေါ့ဆမူ့ဖြစ်တယ်လို့ ပရာကျွတ် ခီရီကန် ခရိုင် ရဲတပ်ဖွဲ့မှူး Pol. Col. Weerapat Ketsa (ဝီရဖတ် ကက်ဆာ) က အခုလို ပြောသွားပါတယ်။
“ရဲအရှိ ဝီရဖတ် ပြောသွားတာကတော့ - ယခုဖြစ်ပွားမှုဟာ ကားသမားရဲ့ ပေါ့ဆမှုကြောင့်ပါ။ ကားမောင်းရင်း အိပ်ငိုက်သွားပြီး ဖြစ်ရတာပါ။ ဆေးရုံမှာ ကုသမူ့ခံယူနေတဲ့ ယာဉ်မောင်းသူကို ဒဏ်ရာ သက်သာလာတာနဲ့ ဆက်လက် စစ်ဆေး အရေးယူသွားမှာဖြစ်ပါတယ်” - လို့ ထိုင်းဘာသာနဲ့ ပြောသွားတာပါ။”
ပရာကျွတ် ခီရီကန် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေထဲမှာ ကားမောင်းသူအနေနဲ့ ကားကို တနာရီကို ကီလို ၉၀ နီးပါး မောင်းနေရင်း အိပ်ငိုက်ပြီး သစ်ပင်ကို ဝင်တိုက်မိတာဖြစ်တယ်လို့ ဖေါ်ပြထားပြီး ကားမောင်းသမားအနေနဲ့ မူးယစ်ဆေးသုံးစွဲထားခြင်း ရှိမရှိကိုလည်း စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။
ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် (၄၆) ယောက်ထဲက (၁၆) ဦး သေဆုံးခဲ့ပြီး ၃၅ဦး ဒဏ်ရာရခဲ့ကြောင်း ထပ်စကဲမြို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ သေဆုံးသူ ၁၆ ဦးထဲမှာ ၇ ဦးရဲ့ နာမည်အပြည်စုံသာ ထုတ်ဖေါ်နိုင်ပြီး ကျန်တဲ့ သေဆုံးတွေမည်သူ မည်ဝါဖြစ်တယ်ဆိုတာ ဆက်လက် စုံစမ်းဖေါ်ထုတ်နေတယ်လို့ လည်းဆိုပါတယ်။
ထပ်စကဲ ဆေးရုံက ဒဏ်ရာရလူနာစာရင်းမှာတော့ မြန်မာနိုင်ငံသား ၆ ဦး ပါဝင်နေတာတွေ့ရပြီး သေဆုံးသူ နာမည်စာရင်းထဲမှာလည်း မြန်မာတွေ ပါဝင်နေတာတွေ့ရပါတယ်။
ထိုင်းနိုင်ငံထဲမှာ အခုလို ယဉ်မတော်တဆတိုက်မှုတွေ၊ စစ်ဆေးဂိတ်တွေကို ရှောင်ကွင်း မောင်းနှင်ရင်း ယာဉ်တိုက်မူတွေ မကြာခနရှိပြီး ၂၀၂၃ခုနှစ်ထဲမှာတော့ မြန်မာတွေပါဝင်တဲ့ ကားတိုက်မှုတွေ ၇ ကြိမ်ထက်မနည်း ရှိတယ်လို့ ဦးမိုးကြိုးက အခုလို ပြောပါတယ်။
“ဒါက ၇ကြိမ်မြောက်ဖြစ်တာပဲ။ ဒါက ၇ကြိမ်အတွင်းမှာ မြန်မာ ၂၀ကျော် သေဆုံးတယ်။ ဒဏ်ရာရသူက ၈၀ကျော် ရှိပါတယ်။”
သေဆုံးသူတွေအတွက် တစ်ဦးကို အစိုးရက နာရေးစရိတ် ဘတ် ၅,၀၀၀ ပေးမှာဖြစ်ပြီး အသက်အာမခံ နစ်နာကြေးကတော့ ဘတ်ငွေ တစ်သန်း တစ်သိန်း ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကတော့ ဘတ်ငွေ ရှစ်သောင်း ပေးမှာဖြစ်ပါတယ်။