ရန်ကုန်မြို့တွင်းက မြို့နယ်တချို့မှာ ဒီရက်ပိုင်းအတွင်း လျှပ်တစ်ပြက် ရေကြီးရေလျှံမှုနဲ့ ကြုံခဲ့ရပြီး ရန်ကင်းမြို့နယ်မှာတော့ အသက် ၁၄နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ရပါတယ်။ ရန်ကုန်မှာ အခုလိုရေဘေး ကြုံရတာဟာ စည်ပင်အဖွဲ့ရဲ့ အားနည်းချက်အပြင် ပြည်သူတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့် ဖြစ်တယ်လို့ သာဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက ဝေဖန်ကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းကတင်ပြပေးပါမယ်။
မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ကြရတာပါ။ ရန်ကုန်မှာမြို့မှာ ဆိုရင်လည်း ဒီရက်ပိုင်းအတွင်း မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေနဲ့ကြုံတွေ့ခဲ့ရတာပါ။ အခုလို ရေကြီးရေလျှံမှုကြောင့် အောက်တိုဘာလ ၂၄ရက်နေ့က ရန်ကင်းမြို့နယ် ခုနှစ်ပင်လိမ်ချောင်းမှာ အသက် ၁၄နှစ် အရွယ် မိန်းကလေးတဦး ချောင်းထဲချော်ကျပြီး သေဆုံးခဲ့တယ်လို့ ရန်ကင်းဒေသခံ တဦးကပြောပါတယ်။
“အဲဒီနေ့က သေဆုံးသူရဲ့ အဖေပြောတာကတော့ ခြေချော်ကျတယ်လို့သိရတယ်၊ကျနော်တို့ သတင်းရတဲ့ အချိန်မှာ ဖြစ်စဉ်သိရတဲ့ အချိန်မှာ ၄၅မိနစ်လောက်တော့ရှိပြီ၊ ကျနော်တို့ တတ်နိုင်သမျှတော့ အဲနေ့က ရေစီးကလည်း သန်တယ်၊ ရေကလည်း များနေတယ်၊ ရေစီးကြမ်းတယ်၊ ရေအနက်ကလည်း ပုံမှန်ထက် ရေတက်နေတဲ့ အနေအထားရှိတယ်။”
ရန်ကုန်မှာ မိုးရာသီ ရောက်တိုင်း ပုံမှန် ရေကြီးရေလျှံတာတွေ ရှိတယ်ဆိုပေမယ့်လည်း ဒီနှစ်မှာတော့ အရင်နှစ်တွေ ကထက် များလာတယ်လို့ ရန်ကုန် ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါဟာ မြို့တော်စည်ပင်ဌာနက ရေမြောင်းတွေနဲ့ ပတ်သက်ပြီး စံနစ်တကျ သေသေချာချာ မလုပ်နိုင်တာကြောင့် ရေမြောင်းပိတ်ဆို့ တာဖြစ်သလို ပြည်သူလူထု တွေ စည်းကမ်းတကျ အမှိုက် မစွန့်ပစ်တာတွေကြောင့် ဖြစ်တယ်လို့ ပလပ်စတစ်အမှိုက် လျှော့ချရေး လုပ်ဆောင်နေတဲ့ သန့်မြန်မာအဖွဲ့ရဲ့ ကြီးကြပ်သူတဦးဖြစ်တဲ့ မသဲစုအေးကပြောပါတယ်။
“ရန်ကုန်မှာ ရေကြီးရေလျှံမှုကို အဓိကဖြစ်ပေါ်စေရတဲ့ အကြောင်းကျတော့ ပလပ်စတိတ် အမှိုက်ပြဿနာပေါ့နော်၊ စည်ပင်ရှိသော်ငြားလည်း စည်ပင်ရဲ့ ဝန်ဆောင်မှုမလုံ လောက်တဲ့ နေရာတွေ ရှိနေသေးတဲ့ အတွက် ရေမြောင်းတွေထဲမှာ ဆိုလို့ရှိရင် ပလပ်စတတ် အမှိုက်တွေကပြည့်တယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ နေထိုင်တဲ့ သူတွေကလည်း အမှိုက်ကို အမှိုက်ပုံးထဲ ထည့်ရမယ်ဆိုတဲ့ awareness တွေ မလုံလောက်တဲ့ အခါမှာ အခုအချိန်ထိလည်း ရေမြောင်း တွေ ရှိတဲ့ နေရာတိုင်း လှည်းတန်းလို လူစည်ကားတဲ့ နေရာတွေမှာက အစ ပလပ်စတတ် အမှိုက်တွေက ရေမြောင်းထဲမှာ ပိတ်ဆို့နေတာရှိတယ် တကယ်တမ်း မိုးကြီး တယ်၊ မိုရွာသွန်းမှုများတဲ့အခါ ရေထွက်ပေါက်မရှိ တော့တဲ့အခါ ရေကြီးရေလျှံမှု ဖြစ်တယ်ပေါ့နော်။”
အခုလို ရေကြီးရေလျှံတာတွေ မဖြစ်ဖို့အတွက်ဆိုရင် မြို့တွင်းရေမြောင်းတွေကို စနစ်တကျ တူးဖော်သင့်သလို အမှိုက်သိမ်းစနစ်တွေကိုလည်း မြို့တော်စည်ပင် သာယာရေး တာဝန်ရှိသူတွေအနေနဲ့ ကောင်းမွန်စွာ လည်ပတ်နိုင်အောင်လုပ် ဆောင်ပေးသင့်သလို ပြည်သူတွေကိုလည်း အမှိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့ ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်သင့်တယ်လို့ လည်း မသဲစုအေးကဆက်ပြောပါတယ်။
“အဓိကတော့ ကျမတို့ ပြည်သူလူထုရယ် စည်ပင်ရယ် လိုအပ်တယ်ပေါ့နော်၊ စည်ပင်ကလည်း အမှိုက်သိမ်းစနစ်ကို ကောင်းမွန်စွာ လည်ပတ်ဖို့ လိုအပ်တယ်၊ ဒါ့အပြင် ကျမတို့ လူထုဟာဆိုလို့ရှိရင်လည်း အမှိုက်ကို အမှိုက်ပုံးထဲ ပစ်ရမယ်၊ စည်းမဲ့ ကမ်းမဲ့ အမှိုက်စွန့်ပစ်တာကြောင့် ရေမြောင်းတွေ ပိတ်ဆို့လာတဲ့ အခါမှာ မြို့ပြဆိုရင် ထင်ထင်ရှားရှားမြင်ရတာက ရေကြီးရေလျံ မှုဖြစ်တယ်။ နောက်ဆက်တွဲ ပြဿနာဆိုလို့ရှိရင် မြစ်ချောင်း အင်းအိုင်တွေထဲကို ရောက်တယ် ပင်လယ်ထဲကိုရောက်တယ်၊ အဲဒီကလည်း အစာကွင်းဆက်ကနေတဆင့် ဒီပလပ်စတတ်ရဲ့ အန္တရာယ်က ပြန်ရောက်လာတယ်ဆိုတာ လူတွေအများကြီးသဖို့လိုအပ်နေသေးသလို အမှိုက်သိမ်းစနစ်ကလည်း လည်ပတ်ဖို့ လိုအပ်သလို ပညာပေးတွေ လုပ်ဖို့လည်း အရမ်းအရေးကြီးပါတယ်။”
ရန်ကုန်အပြင် တခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း ဒီနှစ်ဆိုးဝါးတဲ့ ရေကြီးရေလျှံမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ၊ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးစိုက်ခင်းတွေ၊ နေအိမ်တွေ ပျက်စီးတာနဲ့ ကြုံကြရတာပါ။ ဒီလဆန်းပိုင်းမှာပဲ ပဲခူးမြို့နယ်တွင်း ရေးကြီးရေလျံမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်ကြုံခဲ့ကြရသလို မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ လတွေက ရေကြီးရေလျှံတာတွေကြောင့် သေဆုံးသူတချို့ရှိခဲ့တဲ့အပြင် စပါးစိုက်လယ်ဧက ထောင်ချီပျက်စီးခဲ့တာ ဖြစ်ပါတယ်။