သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ဖိလစ်ပိုင်သမ္မတဟောင်း Arroyo ဧည့်ခံ


ဖိလစ်ပိုင်သမ္မတဟောင်း Arroyo နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ညစာစားပွဲတွင်တွေ့ရ
ဖိလစ်ပိုင်သမ္မတဟောင်း Arroyo နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ညစာစားပွဲတွင်တွေ့ရ

ဖိလစ်ပိုင်နိုင်ငံမှာ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမယ့် ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ နဲ့ တခြားဆက်စပ် ဆွေးနွေးပွဲတွေကိုတက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စနေနေ့မှာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိသွားပါပြီ။

ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း Gloria Macapagal Arroyo က ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen တို့ကို စနေနေ့မှာပဲ ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံ ခဲ့ပါတယ်။ ညစာစားပွဲမှာ သမ္မတဟောင်း Arroyo က ဖိလစ်ပိုင်နဲ့ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားတို့ဟာ ၂ နိုင်ငံချင်းစီ အပြန်အလှန် သံတမန် အဆက်အသွယ်တွေ လုပ်လာခဲ့တာ အနှစ် ၆၀ ပြည့်အထိမ်းအမှတ် အတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ တယ်လို့ ဖိလစ်ပိုင်က လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

သမ္မတဟောင်း Arroyo ဟာ လက်ရှိသမ္မတ Rodrigo Duterte အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ မဟာမိတ်တဦး ဖြစ်ပါတယ်။ အခု ဧည့်ခံပွဲကို ဖိလစ်ပိုင် တရားရေးဝန်ကြီး၊ ကူးသန်းသွား လာရေးဝန်ကြီးနဲ့ အခြား အစိုးရအရာရှိကြီးတွေပါ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ အခါ ရခိုင်မြောက်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးကြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေ ဖိအားပေးတာနဲ့ ကြုံရမယ်လု့ိ ခန့်မှန်းရပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲတွေ အတွင်း အာဆီယံ ဆယ်နိုင်ငံ ခေါင်းဆောင်တွေဟာ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာ့ ၁၁ နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG