အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို တာဝန်ယူသွားမဲ့ လာအိုနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တယောက်ကို ရွေးချယ်ထားပြီးပြီလို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံနိုင်ငံတွေကို တနင်္ဂနွေနေ့က အသိပေးလိုက်ပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့ လာအိုနိုင်ငံဟာ မြန်မာအပါအဝင် အာဆီယံတဖွဲ့လုံးရင်ဆိုင်နေရတဲ့ အဘက်ဘက်က စိန်ခေါ်မှုတွေကို ကိုင်တွယ်နိုင်ပါ့မလားဆိုတာ သံသယရှိကြောင်း ပြောကြပါတယ်။ ရန်ကုန်က ရေးသားပေးပို့တဲ့သတင်းကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။
ဇန်နဝါရီ ၁ ရက်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့ လာအိုနိုင်ငံဟာ ဒီနှစ်အတွက် ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အခုလကုန်မှာ ကျင်းပသွားဖို့ရှိပါတယ်။ အဲဒီ အစည်းအဝေးမတိုင်ခင်မှာပဲ မြန်မာ့အရေးအတွက် အဓိကတာဝန်ယူရမဲ့ အထူးကိုယ်စားလှယ်ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။
လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနကခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ Alounkeo Kittikhoun (မစ္စတာ ခစ်တီခွန်) ဟာ တချိန်က လာအိုနိုင်ငံခြားရေးဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီးဖြစ်ပါတယ်။ ပြီးတော့သူက ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်အဖြစ်လည်း အချိန်အတော်ကြာ တာဝန်ယူဖူးသူ ဖြစ်ပါတယ်။ သူ့အနေနဲ့ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်နဲ့အတူ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာဆီယံကိုယ်စား တာဝန်ခံဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်လို့ မြန်မာ့အရေးပြေလည်ဖို့ စိတ်ဆန္ဒရှိတဲ့ အင်ဒိုနီရှားလိုနိုင်ငံတွေတောင် တစုံတရာ မဖြေရှင်းနိုင်တဲ့အတွက် လာအိုနိုင်ငံအပေါ်မှာ မျှော်လင့်ချက်သိပ်မရှိကြောင်း မြန်မာ့အရေးလေ့လာသူတွေက ပြောပါတယ်။
မြန်မာပြည်တွင်းမှာ လူထုတော်လှန်ရေးက ထူးခြားတဲ့ အပြောင်းအလဲတွေရှိနေပြီး အာဆီယံကတော့ ဘုံသဘောတူညီချက်အတိုင်းပဲ ဆက်သွားနေတာဖြစ်လို့ ပြည်သူတွေကတော့ အာဆီယံအပေါ်မှာ မျှော်လင့်ချက်သိပ်မရှိကြောင်း Central European University က နိုင်ငံတကာဆက်ဆံရေး သုတေသီတဦးဖြစ်တဲ့ ကိုသီဟဝင့်အောင်က ပြောပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းက စစ်ကောင်စီကို လိုလားဆက်ဆံနေတာဖြစ်လို့ အထူးကိုယ်စားလှယ်က ဒီအခြေအနေတွေကို ကျော်လွန်ပြီး လုပ်နိုင်လိမ့်မယ်လို့ မထင်ကြောင်း သူကပြောပါတယ်။
"အဓိကတော့ မြေပြင်အခြေအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း သိနားလည်ထားတဲ့ ဟာနဲ့က လုံးဝကို မိုးနဲ့မြေနဲ့လို တခြားစီ ဖြစ်နေတယ်ပေါ့နော်။ စစ်ကောင်စီအနေနဲ့ကလည်း နိုင်ငံတကာကပေးတဲ့ ထွက်ပေါက်တွေကို စိတ်မဝင်စားဘူး။ သူတို့စိတ်ဝင်စားတာက နိုင်ငံတကာက သူတို့ကို အစိုးရအနေနဲ့ အသိအမှတ်ပြု ဆက်ဆံတာကိုရဖို့။ အာဆီယံကလိုချင်တာကလည်း ဒီတခုပဲ ရှိတယ်ပေါ့နော်။ ဒီဟာကလည်း အာဆီယံရဲ့ လက်ရှိမူအတိုင်းဆိုရင် ဖြစ်လာစရာအကြောင်း မရှိဘူး။ ဒီတော့ တော်လှန်ရေးဘက်ကို ပြတ်ပြတ်သားသား ရပ်လိုက်ရအောင်လည်း သူတို့ကမဝံ့ရဲဘူး။ အခုထိ စစ်တပ်က ထိန်းနိုင်ဦးမလား၊ စစ်တပ်နဲ့ညှိရမှာပေါ့ဆိုတဲ့ အဆင့်ကနေလည်း တက်မလာဘူးပေါ့နော်။ သူတို့ မြွေမသေ တုတ်မကျိုးပဲ ဆက်လုပ်နေဦးမယ်လို့ ထင်ပါတယ်။ ဒီဟာတွေ မပြောင်းလဲနိုင်သရွေ့တော့ အာဆီယံ အထူးကိုယ်စားလှယ်က ဘယ်သူပဲဖြစ်ဖြစ် ဘာမှထူးခြားတဲ့အရွေ့မျိုး လုပ်နိုင်မယ်တော့ မထင်ပါဘူး။"
အာဆီယံနိုင်ငံတွေအနေနဲ့ လက်ရှိမှာ အာဆီယံတွင်းညီညွတ်ဖို့ဆိုတာထက် ကိုယ့်ဦးတည်ချက်နဲ့ကိုယ် သွားနေကြတာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတချို့က ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာအိုနိုင်ငံဟာ တနိုင်ငံချင်းအနေနဲ့ ထိုင်းနဲ့ တရုတ်လောက် စစ်ကောင်စီကို ဖိအားမပေးနိုင်သလို အာဆီယံ ဘုံသဘောတူညီချက်နဲ့ ဖိအားပေးနိုင်တဲ့ အခြေအနေမရှိကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။
"နိုင်ငံတကာက ဘယ်လိုအရေးယူမလဲဆိုတာ နိုင်ငံတကာရဲ့ အပိုင်းပေါ့၊ ဒီနေ့အထိတော့ ဘယ်နိုင်ငံကမှ၊ ဘယ်အဖွဲ့အစည်းကမှ စစ်ကောင်စီကို တိုက်ရိုက် သူတို့ရပ်တည်ရေးကို ခြိမ်းခြောက်နိုင်တဲ့ ဖိအားပေးမှုမျိုးတော့ မတွေ့ရသေးဘူးပေါ့။ အထူးသဖြင့် တရုတ်က အများကြီး ဖိအားပေးလို့ရတယ်၊ အများကြီး ကမကထပြုပြီးတော့ ငြိမ်းချမ်းရေးကို ပါဝင်လို့ရတယ်။ ဒါပေမဲ့ သူလည်း အဖြစ်သဘောလောက်ပဲ ပါဝင်တယ်ဆိုတော့ လာအိုနိုင်ငံက ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်အထိ မြန်မာ့နိုင်ငံရေးအတွက် ဖိအားပေးပြီး လုပ်နိုင်တဲ့အနေအထားမျိုး မမြင်ဘူးဗျ။ ဒါကြောင့် ဒုံရင်း ဒုံရင်းအတိုင်းပဲ သွားလိမ့်မယ်လို့ ထင်ပါတယ်။"
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြုံရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံအနေနဲ့ မြန်မာနဲ့ပတ်သက်လို့ ဘုံသဘောထားငါးချက်ချမှတ်ထားပါတယ်။ အဓိကအချက်ကတော့ အကြမ်းဖက်မှုတွေကိုလျှော့ချပြီး သက်ဆိုင်ရာအစုအဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးနိုင်ရေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့အလှည့်ကျဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဟာ မြန်မာ့အရေးကို အဖြေထုတ်ဖို့ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အာဆီယံအတွင်း အားနည်းတဲ့ လာအိုနိုင်ငံလို နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ဦးဆောင်ကိုင်တွယ်နိုင်ပါ့မလား သံသယတော့ ရှိကြပါတယ်။ လာအိုနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂၀၀၄ မှာ တကြိမ်၊ ၂၀၁၆ မှာတကြိမ် တာဝန်ယူခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံကတော့ လာမယ့် ၂၀၂၆ မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာဖြစ်ပေမဲ့ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်တွေကို အခုထိ အကောင်အထည် မဖော်နိုင်သေးတာကြောင့် ဖိလစ်ပိုင်ကို အစားထိုး တာဝန်ပေးသွားမယ်လို့ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ ဆုံးဖြတ်ထားကြပါတယ်။