၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော်တိုက်ညီနောင် တိုက်ခိုက်ခံခဲ့ရတဲ့ အထိမ်းအမှတ် ၉ နှစ်ပြည့် အခမ်းအနားတွေကို အစိုးရ အရာရှိတွေနဲ့ အမေရိကန်ပြည်သူတွေ ကျင်းပနေကြတဲ့ အချိန်မှာပဲ အဲဒီ မိုးမျှော်တိုက်နှစ်လုံး တည်ရှိခဲ့တဲ့ နေရာနားမှာ အစ္စလာမ်ဘာသာ လေ့လာရေးဌာန တည်ဆောက်မယ့် ကိစ္စကို ထောင်နဲ့ချီတဲ့ ပြည်သူတွေကလည်း နယူးယောက်မြို့မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
တခြား လူ ၂,၀၀၀ လောက်ကလည်း မန်ဟက်တန်ကျွန်းပေါ်မှာ အဲဒီ အစ္စလာမ်ဘာသာ လေ့လာရေးဌာန တည်ဆောက်မယ့် အစီအစဉ်ကို ထောက်ခံတဲ့ အနေနဲ့ ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့ကြပါတယ်။
သူတို့နဲ့ မလှမ်းမကမ်းမှာ ဒီကိစ္စကို ကန့်ကွက်ကြောင်း ဆန္ဒပြနေသူတွေကတော့ အဲဒီ အစ္စလာမ်ဘာသာ လေ့လာရေးဌာန တည်ဆောက်ဖို့ ခွင့်ပြုလိုက်တာဟာ စက်တင်ဘာ ၁၁ ရက်နေ့က သေဆုံးသွားခဲ့သူတွေကို စော်ကားရာ ရောက်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော်တိုက်နှစ်လုံး ရှိခဲ့တဲ့ နေရာမှာ ကျင်းပတဲ့ အမှတ်ရ အောက်မေ့ဘွယ် အခမ်းအနားကို အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တက်ရောက်ခဲ့ပြီး သေဆုံးသွားကြသူ ၂,၇၅၂ ယောက်ရဲ့ နာမည်တွေကို မိသားစုဝင်တွေက ဖတ်ကြားခဲ့ကြပါတယ်။
ဝါရှင်တန်မြို့အပြင်မှာ ရှိတဲ့ ပင်တဂွန် အမေရိကန် စစ်ဌာချုပ်ရှိရာ နေရာမှာ သေဆုံးသွားခဲ့ကြသူ ၁၈၄ ယောက်အတွက် ကျင်းပခဲ့တဲ့ အောက်မေ့ဖွယ် အခမ်းအနားကိုတော့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့က တိုက်ခိုက်ခဲ့ကြသူတွေဟာ အဆောက်အဦးတွေကိုသာ တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ အမေရိကန်နိုင်ငံ တည်ရှိခြင်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားခဲ့ပါတယ်။