သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု သမ္မတအဖြစ် ဦးမြင့်ဆွေ ခန့်အပ်ခံရဖွယ် ရှိ


ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကို အဆိုပြု ထားတယ်လို့ လွှတ်တော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကျန်းမာရေးကြောင့် တာဝန်က အနားယူမယ်လို့ ပြီးခဲ့တဲ့တပတ် လွှတ်တော် အစည်းအဝေးပွဲတွေအတွင်း ကြေညာပြီးတဲ့နောက် ဒုတိယ သမ္မတသစ်အဖြစ် ရွေးချယ်ရာမှာ စစ်တပ် ကိုယ်စားလှယ်တွေက တချိန်က ထိပ်တန်း စစ် အရာရှိဟောင်း နှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေ နဲ့ အခုအခါ ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ တာဝန် ယူထားတဲ့ ဦးတင်အေး တို့ကို အဆိုပြုထားတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

တချိန်က မြန်မာစစ်အစိုးရရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ် သူ ဖြစ်ပြီးတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဆင့်မြင့် အရာရှိတဦးလည်း ဖြစ်တဲ့ အပြင် ရန်ကုန်တိုင်း စစ်တိုင်းမှူးအဖြစ် တာဝန်ယူဖူးသူဖြစ်တဲ့ ဦးမြင့်ဆွေ ကိုတော့ ဒုသမ္မတအဖြစ် ရွေးချယ်ဖို့ စစ်တပ် ကိုယ်စားလှယ်တွေ လိုလားနေပေမဲ့ တခြား စစ်တပ်နဲ့ မနီးစပ်တဲ့ အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်တွေ ကြားမှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန်ယူဖူးတဲ့ ဦးတင်အေး ကို လိုလားကြတယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရတွင်း အပြောင်းအလဲတွေ ပေါ်ပေါက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အချိန်မှာပဲ မနေ့ တုန်းကတော့ ဒုတိယဝန်ကြီး ၆ ယောက်ရဲ့ နေရာ ကိုလည်း သမ္မတ ဦးသိန်းစိန် ကလက်မှတ်ရေးထိုး အစားထိုး ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG