သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမျှတမှုရှိမရှိ ဆန်းစစ်ကြည့်ကြစို့


ရွေးကောက်ပွဲလို့ ဆိုလိုက်တိုင်း ဒီမိုကရေစီအတွက်လို့ ယုံရမှာလား။ ဒီမိုကရေစီ တရပ် ကို ပြောင်းဖို့ဆိုတိုင်းလည်း ရွေးကောက်ပွဲကျင်းပပြီးမှ ပြီးပြည့်စုံမှာတဲ့လား။ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ဦးတည်တာနဲ့ပဲ ရွေးကောက်ပွဲဆိုတိုင်း မျက်စိစုံမှိတ် ယုံစရာမလို ပါဘူး။ ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ တရားမျှတရဲ့လား၊ လွတ်လပ်သန့်ရှင်းမှု ရှိရဲ့ လား။ ဆန်းစစ်ကြည့်သင့်တာပေါ့။

အောက်တိုဘာ ၈ ရက်၊ ညပိုင်း ရုပ်မြင်သံကြားအစီအစဉ်ကနေ ကြံ့ဖွံ့ပါတီရဲ့ မဲဆွယ်ဟောပြောမှုမှာ ၎င်းတို့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဟောင်း ဌေးဦးကိုယ်တိုင် ပြောသွားတာလေး ကြည့်ကြရအောင်ဗျာ။

ကျနော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ၁၇ နှစ်နီးပါး၊ ပြည်သူများရဲ့ အကျိုးကို ပြည်သူများနဲ့အတူ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကြီးကို အမွေခံ၊ အခြေပြုပြီး ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ ဒီအခြေအနေကိုကြည့်ရင် ကြိုတင်ကြံစည်ပြီး ရည်ရွယ်ချက်ရှိရှိ ရွေးကောက်ပွဲတခုကို ဦးတည်ပြီး ဖြတ်သန်းလာခဲ့တဲ့ မဟာမဲဆွယ်ကာလရှည်ကြီးပါ။

ဒါဟာ တွေးကြည့်စရာတောင် မလိုဘဲ ရှင်းနေပါတယ်။ ငါတို့ကတော့ အေးအေး ဆေးဆေးပဲ၊ လုပ်စရာရှိတာတွေကို ဥပဒေနဲ့ညီတာ မညီတာ အရေးမစိုက်ဘူး။ တရားတာ၊ မတရားတာအပထား၊ နိုင်ငံတော်အာဏာ၊ ငွေ၊ ယာဉ်၊ အဆောက်အဦး၊ လုပ်ပိုင်ခွင့်တွေ ပုံအောသုံးပြီး လုပ်ခဲ့ပြီးပြီဟေ့။ လာထား- ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့။ မင်းတို့တွေကတော့ ကြိုးစားကြည့်ကြအုံးပေါ့ကွာ…လို့ ဒီမိုကရက်တစ်အင်အားစုတွေကို လှောင်ပြောင်သရော်မှုမျိုးနဲ့ပေါ့။

ဟုတ်ပါတယ်။ ကြံ့ဖွံ့တွေ ဘာတွေလုပ်ထားပြီးပြီလဲ၊ ကြည့်ကြရအောင်။

၁။ နှစ်ပေါင်းများစွာ အဖွဲ့ဝင်အင်အားတွေကို အဓမ္မနည်းတွေနဲ့ သိမ်းသွင်းပြီးသွားပါပြီ။

၂။ အဖွဲ့ဝင်တွေကိုလည်း အဖွဲ့အပေါ်၊ ပါတီအပေါ် သစ္စာမဖောက်၊ ပြန်ပြီးမလှန်ရဲအောင် နည်းမျိုးစုံသုံးပြီး အပိုင်ချုပ်၊ ကတိကဝတ်တွေနဲ့ ချည်နှောင်တုပ်ထားပြီးပါပြီ။ ဥပမာ- အတိုးနည်းနည်းနဲ့ငွေချေးတာတွေ၊ တယ်လီဖုံး၊ မြေကွက်၊ စီးပွားရေးလုပ်ပိုင်ခွင့်…စတာတွေပေါ့။

၃။ ကြိုတင်မဲတွေကိုလည်း သန်းနဲ့ချီပြီး ယူပြီးသွားပါပြီ။ ဥပမာ- ဝန်ထမ်း၊ ပါတီဝင်၊ အမှုအခင်းဖြစ်နေသူများ၊ တရားမဝင်စီးပွားရေးသမားများ၊ ၎င်းတို့ရဲ့ အလုပ်သမားများ၊ စစ်အစိုးရနဲ့ နှစ်ရှည်စီးပွားရေးစီမံကိန်းများနဲ့အတူတကွလုပ်နေကြတဲ့ ကုမ္ပဏီကြီးများ၊ ၎င်းကုမ္ပဏီကြီးတွေရဲ့ ဝန်ထမ်းများ၊ ရပ်ကွက်အာဏာပိုင်အဖွဲ့ဝင်များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ၎င်းတို့နဲ့မကင်းနိုင်တဲ့တရားမဝင်လုပ်ငန်းရှင်များ၊ အရက်ပုန်းဆိုင်၊ ချဲဒိုင်၊ ချဲအရောင်းသမားများ၊ ဇယ်ခုံများ၊ မြို့ပေါ်ရပ်ကွက်များရှိ နေ့စဉ်ဒိုင်ခံကစားနေကြ သော တရားမဝင်ဖဲဝိုင်းရှိအိမ်များ၊ အခုပြည်တွင်းမှာပြန့်နှံ့နေတဲ့ နောက်ဆုံးသတင်းတွေ အရ စစ်တပ်တခုလုံးကိုတောင် ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့ လျှို့ဝှက်အမိန့်ထုတ် ညွှန်ကြားပြီးသွားပါပြီဗျာ။ မယုံမရှိကြပါနဲ့။

၄။ ပြည်သူတွေက တခဲနက်ထောက်ခံခဲ့တဲ့ ထောက်ခံနေဆဲဖြစ်တဲ့ အဲန်အယ်လ်ဒီကိုလည်း ရွေးကောက်ပွဲမဝင်နိုင်အောင် ကလိန်စေ့ငြမ်းဆင်ပြီးပါပြီ။

၅။ အနာဂတ်နိုင်ငံရေးဖြစ်စဉ်မှာလည်း စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ ရေးဆွဲပြဌာန်း ထားတဲ့ အခြေခံဥပဒေကို ဆန့်ကျင်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေပြည့်ပြည့်၀၀ ရှိမယ့် အရပ်ဘက်လူ့အဖွဲ့အစည်းတရပ်ကို ဖော်ဆောင်နိုင်တဲ့ ပြည်သူချစ်တဲ့ နိုင်ငံရေးသမားများ၊ ကျောင်းသားခေါင်းဆောင်များကိုလည်း ထောင်သွင်းအကျဉ်းချထားပြီးပါပြီ။

၆။ ယှဉ်ပြိုင်ဘက်ပါတီတွေကိုလည်း အရေအတွက်နည်းနိုင်သမျှနည်းအောင် မဲဆွယ်စည်းရုံးရေးခွင်တခုလုံးမှာလည်း အကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့စေအောင် ကော်မရှင်ဥပဒေတွေနဲ့ အစီအစဉ်တကျ ကန့်သတ်ထားခဲ့ပြီး ပါပြီ။

၇။ တိုင်းရင်းသားဒေသတွေမှာ သူတို့ကို နိုင်သွားမယ့် ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း ဖွဲ့စည်းခွင့်၊ ပါဝင်ခွင့်မရအောင် ကန့်သတ်ပိတ်ပင်ခဲ့ပြီးပါပြီ။ ဥပမာ- ကချင်တိုးတက်ရေးပါတီ၊ ဒေါက်တာတူးဂျာ။

ဒီအချက်တွေအပြင် ကျန်တောင်ကျန်နိုင်ပါသေးတယ်။ ကိုင်း- ဒီအခြေအနေတွေဟာ ဒီကနေ့ ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ ပကတိအရှိတရားတွေပါ။ ဒီအခြေအနေတွေကို ဘယ်သူတွေက ခင်းကျင်းစီမံခဲ့ပါသလဲ။ ရှင်းနေပါပြီ။ ဘယ်အဖွဲ့ကို၊ ဘယ်ပါတီကို အနာဂတ်အစိုးရအဖြစ် ပုံဖော်နေသလဲဆိုတာ မြင်လောက်ပါပြီ။ အဲဒီတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါရဲ့လား၊ သန့်ရှင်းပါရဲ့လား။ ဒီမေးခွန်းကို ဖြေမယ်ဆိုရင် လူတိုင်းရဲ့ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း အရကြည့်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုစရာ၊ လက်ခံစရာ မလိုတော့ဘူးလို့ ဆိုရပါလိမ့်မယ်။

XS
SM
MD
LG