မြန်မာပြည်မှာ ဝမ်းနည်းကြေကွဲစရာကောင်းပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ ၇၊ ၇၊ ၆၂ မှာ စစ်အာဏာရှင်တွေ က ကျောင်းသားအရေး တောင်းဆိုဆန္ဒပြနေကြတဲ့ကျောင်းသားတွေကို သေနတ်နဲ့ပစ်ပြီး သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကို ဖြိုချခဲ့ပါတယ်။ ဂျူလိုင် ဆဲဗဲန်း ဆိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်။
၆၊ ၆၊ ၆၄ သင်္ဘောကျင်းအလုပ်သမားတွေက လုပ်ငန်းခွင်သာယာရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ခလစာတိုးမြှင့်ရေး စတဲ့ အလုပ် သမား အခွင့်အရေးတွေအတွက် ဥပဒေဘောင်အတွင်းက ဆန္ဒပြတောင်းဆိုကြတာကို အာဏာရှင်တဖြစ်လဲ မ.ဆ.လ အစိုးရက ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့လို့ အလုပ်သမား အမြောက်အများသေဆုံးခဲ့ကြရပါတယ်။ ဇွန်အရေးအခင်းလို့ ဆိုကြပါတယ်။
၂၄ ရက်၊ ၁၂ လ၊ ၇၄ မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ဈာပနအခမ်းအနားနဲ့ပတ်သက်ပြီး ထိုက်ထိုက်တန်တန် လုပ်မပေးတဲ့အတွက် ကျောင်းသားထုက မကျေမနပ်ဖြစ်ပါတယ်။ ဒါနဲ့ ဦးသန့်ရုပ်ကလာပ်ထားရှိဖို့ ထိုက်တန်တဲ့နေရာ တနေရာရရှိရေးကို ကျောင်းသားထုက ဦးစီးပြီး တောင်းဆို တိုက်ပွဲဝင်ပါတယ်။ အဲဒီမှာလည်းပဲ ဗိုလ်နေဝင်းစစ်အုပ်စုက လက်နက်နဲ့ အကြမ်းဖက်ဖြိုခွဲခဲ့လို့ ကျောင်းသားအများအပြားသေဆုံးခဲ့ရပါတယ်။ ဦးသန့်အရေးအခင်းလို့ ပြောဆိုလေ့ရှိပါတယ်။
အဲဒီနောက်မှာတော့ ၇၆ မှိုင်းရာပြည့်၊ နောက်ပြီး ကမ္ဘာကျော် ၈ လေးလုံး အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဒီ အရေး အခင်းတွေ အားလုံးဟာ မြန်မာ့သမိုင်းမှာ အလွန်စိတ်ထိခိုက်စရာကောင်းတဲ့ နာမည်ဆိုးနဲ့အသိများတဲ့ နေ့ရက် တွေဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းချက်မထုတ်နိုင်ပါဘူး။
မကြာခင်မှာ မြန်မာပြည်မှာ နာမည်ဆိုးနဲ့ ကျော်ကြားမယ့် သမိုင်းဝင်နေ့ရက်တရက် ရောက်လာပါတော့မယ်။
ကျနော်အခုလောက်ပြောလိုက်ရင် အားလုံးရဲ့ အတွေးမျက်ဝန်းထဲမှာ သိပ်မဝေးလှတော့တဲ့ ရက်စွဲတခုကို ပြေးမြင်နေကြပြီဆိုတာ ကျနော် သိပါတယ်။ သေချာပါတယ်။ အားလုံးသိကြတဲ့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့၊ ရွေးကောက်ပွဲနေ့၊ နာမည်ဆိုးနဲ့ကျော်ကြားမယ့်နေ့။ ဘာကြောင့် နာမည်ဆိုးလို့ သတ်မှတ်ရသလဲဆိုတာ ကျနော် ဆက်ပြောပါမယ်။
အခုကျင်းပမယ့်ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ တရားမဝင်အာဏာကို တရားဝင်အာဏာ ဖြစ်အောင်လုပ်မယ့် ပွဲပါ။ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဘယ်စာမျက်နှာကို လှန်လိုက်လှန်လိုက်၊ စစ်အာဏာရှင်တရားဝင်ဖြစ်ရေးအတွက် စာတကြောင်းဖြစ်ဖြစ်၊ တပိုဒ်ဖြစ်ဖြစ်တွေ့ရမှာပါ။ ဖွဲ့စည်းပုံမှာ ထင်တိုင်းခြယ်လှယ်လို့ရအောင် ရေးထားသလို အပြင်ကလုပ်ရပ်တွေမှာလည်း ထင် တိုင်းခြယ်လှယ်ပြီးလုပ်နေတာပါပဲ။ လက်ရှိနိုင်ငံတော်အကြီးအကဲတွေ၊ ဝန်ကြီး ဝန်ကလေးတွေဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီဟာ ပြည်သူ့ဘဏ္ဍာငွေတွေကိုသုံးပြီး မဲဆွယ်စည်းရုံး ရေးတွေ လုပ်နေကြတာတွေဟာ မကြားချင်မမြင်ချင်အဆုံးပါ။
သူတို့ပါတီနဲ့ယှဉ်ပြီး ဘယ်ပါတီမှာ စည်းရုံးရေးမဆင်းနိုင်ပါဘူး။ ဆင်းစရာ ရံပုံငွေလည်း မရှိကြပါဘူး။ လက်ကမ်းကြော်ငြာ ဝေဖို့တောင် ရွက်ရေလေး ၅ ထောင်၊ ၆ ထောင်ရိုက်ပြီး ဝေကြရတာပါ။ ကြံ့ဖွံ့လို သန်းနဲ့ချီပြီးမရိုက်နိုင်ကြပါဘူး။ တခုရှိတာက ငွေတွေ ဗုံးပေါလအော သုံးပြီး စည်းရုံးနေပေမဲ့ ပြည်သူအများစုက လက်မခံကြပါဘူး။ အာဏာတွေ၊ ဖိအားတွေသုံးပြီး ရွေးကောက်ပွဲအနိုင်ရရေးအတွက် ဘနဖူး သိုက်တူးရ တူးရဆိုတဲ့ လုပ်ရပ်မျိုးလုပ်နေကြတာကို လူထုက မကြိုက်ပါဘူး။ ခက်တာက မကြိုက်တာကို ဆန့်ကျင်လို့မရအောင် အဘက်ဘက်က ဖိနှိပ်ထားတာပါပဲ။
ဥပမာ ဆိုပါတော့- ဝန်ထမ်းတွေက မိမိမဲပေးရမယ့်မဲရုံ၊ မဲစာရင်းအမှတ် စတာတွေဟာ မိခင်ဌာနတွေကို တရားဝင် အကြောင်းကြားရပါ တယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် ဒီဝန်ထမ်း မဲပေးတယ်၊ မပေးဘူးဆိုတာကို ဌာနကသိရအောင် လုပ်လိုက်တာပါပဲ။ ဒီဖြစ်ရပ်ကို ကြည့်ရုံနဲ့တင် လွတ်လပ်မှုမရှိဘူး။ ဒီမိုကရေစီမကျဘူး။ တရားမျှတမှုမရှိဘူးဆိုတာ သိသာနေပါတယ်။ ဒီလိုရွေးကောက်ပွဲမျိုးကို အောင်မြင်ဖြစ်မြောက်အောင် ဝိုင်းဝန်းလုပ်နေတဲ့ပါတီတွေကို တခုလောက်ပြောချင်ပါတယ်။
လူထုလက်ခံယုံကြည်ခြင်းမရှိတဲ့၊ တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကို ကျောခိုင်းလိုက်ပါ။ ဒါဆိုရင် မြန်မာပြည်မှာနာမည်ဆိုးနဲ့ ကျော်ကြားမယ့် နေ့တနေ့ကို တားဆီးပြီးဖြစ်ပါလိမ့်မယ်။