သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီက အစိုးရရုံးတချို့ ဒီကေဘီအေ ဝိုင်း


ကရင်ပြည်နယ်၊ မြဝတီမြို့မှာတော့ အခြေအနေတွေကို ထူးထူးခြားခြားတွေ့နေရပါတယ်။ ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတား နားမှာဆိုရင် နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ ဒီကေဘီအေတပ်သားတွေကို အများအပြားချထားတာကို တွေ့ရပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ရုံးတွေကို ရွေးကောက်ပွဲကိုလက်မခံကြောင်း လက်နက်တွေနဲ့ဝိုင်းပြီး ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ စ.ရ.ဖ ရုံးရှေ့မှာရောက်နေတဲ့ ဒီကေဘီအေ ၉၀၂ တပ်ရင်းက တပ်မှူးတဦးကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

“လက်နက်မပါဘဲနဲ့ ဆန္ဒပြရင် ကျနော်တို့ကို ပစ်သတ်မယ်။ ဒါကြောင့် ကျနော်တို့ လက်နက်တွေကိုင်ဆောင်ပြီးတော့ ဆန္ဒပြတယ်။ မစစ်မှန်တဲ့ရွေးကောက်ပွဲကို လက်နက်ကိုင်ဆောင်ပြီးတော့ အသံတိတ်ဆန္ဒပြနေတာပါ။”

ကရင်ပြည်နယ်ဘက်မှာ မဲမသမာ မှုတွေရှိတယ်လို့ ကြားရတယ်။ လွန်ခဲ့တဲ့နေ့တွေက စပြီးတော့ သန်းကောင်စာရင်းအသစ်တွေ လုပ်ပေး တယ်။ အဲဒီအသစ်တွေကနေပြီးတော့ မဲထည့်ရတယ်ပေါ့နော်။ ထည့်တဲ့အခါမှာလည်းပြည်ခိုင်ဖြိုးအဖွဲ့ကိုပဲ ထည့်ရတယ်လို့ ကျမတို့ သတင်းကြားရတယ်။ ဒီထဲမှာ ထူးခြားတာကတော့ အပစ်အခတ်ရပ်စဲထားတဲ့ ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေးရဲ့ ဒီကေဘီအေ တပ်တွေက မြဝတီ၊ ဘားအံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကလူး၊ ဘုရားသုံးဆူ အဲဒီနေရာတွေကို တပ်စွဲနေရာယူထားပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ သဘောထားတွေကို ထုတ်ဖော်တဲ့အနေနဲ့ တိုက်ပွဲတွေကို ဖော်ဆောင်ကြတာလို့လည်း သူတို့က ပြောကြပါတယ်။

ဒီကေဘီအေ ဘက်က သူတို့ဝိုင်းထားတဲ့အစိုးရရုံးတွေကို ဆုတ်ခွာပေးလိုက်ပေမဲ့ အကုန်လုံးတော့ မဆုတ်ခွာရသေးဘူးလို့ သိရပါတယ်။ ရွေးကောက်ပွဲသတင်းယူဖို့သွားတဲ့ သတင်းထောက်တယောက်လည်း အဖမ်းခံခဲ့ရပါတယ်။

ဒီကေဘီအေ တပ်တွေဟာ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားကနေ ထွက်ခွာသွားခဲ့ပေမဲ့ စစ်တပ်နဲ့နီးတဲ့နေရာတွေမှာတော့ စစ်ဆင်ရေး တခုအဖြစ်ကို လုံခြုံရေးယူထားတာကို တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရဘက်က သူတို့ကို အကျေအလည်ဆွေးနွေးခဲ့တယ်လို့ တပ်မှူးတဦးက ပြောပါတယ်။

“တပ်မမှူးနဲ့ တိုင်းမှူးနဲ့ ကြားခံပြီးတော့ ညှိနှိုင်းနေကြတယ်နော်။ သူတို့က အမျိုးမျိုးတောင်းပန်တယ်။ ဆက်ဆံရေးတံတားကိုပေါ့လေ၊ မဟာမိတ်တံတားပေါ်မှာတော့ မလုပ်ပါနဲ့။ သူတို့အတွက်လည်းမကောင်းဘူး။ ထိုင်းနဲ့လည်း ပြဿနာဖြစ်မယ်ပေါ့။ အနူးအညွတ်ပြောလို့ သင့်တော်တဲ့နေရာမှာ ပြန်ယူထားတယ်ပေါ့နော်”

နေ့လည်က ကော့ကရိတ်ဘက်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ ဒီကေဘီအေဘက်က လက်နက်ကြီးတချို့ကို ရခဲ့ပေမဲ့ နှစ်ဘက်လုံးမှာ သေဆုံး ဒဏ်ရာရခဲ့သူတွေရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့လူတွေ ဒဏ်ရာရတယ်နော်၊ သေလည်းသေတယ်။ ဒါပေမဲ့ အဆက်အသွယ်က အရမ်းဝေးတဲ့အတွက် အတိအကျတော့ မသိရသေးဘူးနော်”

နောက်ဆုံးအခြေအနေမှာတော့ မြန်မာစစ်တပ်ဘက်ကလည်း အင်အားအပြည့်နဲ့၊ လက်နက်ကြီးတွေနဲ့၊ နေရာယူထားဆဲဖြစ်သလို ဒီကေဘီအေဘက်ကလည်း အင်အားအပြည့်နဲ့ နေရာယူထားဆဲဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ တတိုင်ကူးဆိုတဲ့နေရာအနီးမှာ ဒီကေဘီအေနဲ့ မြန်မာစစ်တပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG