သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိုကလေးမဲဆန္ဒနယ် ကြိုတင်မဲကြောင့် ကြံ့ဖွံ့ အသာရ


ဘိုကလေးမဲဆန္ဒနယ် ကြိုတင်မဲကြောင့် ကြံ့ဖွံ့ အသာရ
ဘိုကလေးမဲဆန္ဒနယ် ကြိုတင်မဲကြောင့် ကြံ့ဖွံ့ အသာရ

ကရင်ပြည်နယ်မှာတော့ ကရင်တိုင်းရင်းသားပါတီဖြစ်တဲ့ ဖလုံ-စဝေါဒီမိုကရက်တစ်ပါတီက တကယ်လို့မဲလိမ်မှုတွေမရှိဘူးဆိုရင် ကော့ကရိတ်မြို့နယ်မှာ အပြတ်အသတ်အနိုင်ရနိုင်တယ်လို့ ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။ ဘားအံမှာလည်း အခြေအနေကောင်း နေတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်း တခုလုံးအခြေအနေကိုတော့ မသိရသေးပေမယ့် ဘိုကလေးမှာတော့ မဲလိမ်မှုတွေ၊ ကြိုတင်မဲတွေ ကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရှေ့ပြေးနေပုံရတယ်လို့ ဒေသခံတွေက ခန့်မှန်းနေပါတယ်။ အဲဒီဒေသက အခြေအနေတွေ အသေးစိတ် ကိုတော့ နော်ရှိုးပြောပြပေးပါမယ်။

မြန်မာနိုင်ငံက တခြားပြည်နယ်နဲ့တိုင်းတွေလိုပါပဲ …ကရင်ပြည်နယ်နဲ့ဧရာဝတီတိုင်းက ရွေးကောက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး အနိုင် အရှုံးကို ခုလောလောဆယ် ဘယ်သူကမှ တတ်အပ်မပြောနိုင်သေးပါဘူး။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကတော့ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ မဲရုံတွေမှာ သွားရောက်စောင့်ကြည့်စေတာကိုတော့ တွေ့ရပါတယ်။

အဲသလို သွားရောက် စောင့်ကြည့်လေ့လာတဲ့ သက်ဆိုင်ရာ ဒေသခံတွေ၊ ပါတီကိုယ်စားလှယ်တွေရဲ့ ခန့်မှန်းချက်အပေါ်မှာပဲ မူတည်ပြီး တော့မှ ကျမတို့အခု အစီရင်ခံရတာဖြစ်ပါတယ်။ အတည်မဟုတ်သေးပါဘူး။ ကရင်ပြည်နယ်ရဲ့မြို့တော် ဘားအံမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စောစောပိုင်းက အနိုင်ရနေတယ်လို့ သတင်းတွေထွက်နေပေမယ့် နောက်ပိုင်းကျတော့ ကရင်တိုင်းရင်းသားပါတီဖြစ်တဲ့ ဖလုံ စဝေါ ပါတီက အနိုင်ပြန်ရနေတယ်လို့ ပါတီနဲ့နီးစပ်သူတဦးက ခုလို ပြောပြပါတယ်။

“အစတုံးကတော့ ကြိုတင်မဲ ၄၀၀ နဲ့ ရှုံးနေတယ်တဲ့။ ဒါပေမယ့်နောက်ပိုင်း မဲရုံတွေ မဲပုံးတွေဖောက်လိုက်တော့ တရုံကို သူတို့ တစ်ရာကျော် တစ်ရာကျော်နိုင်တော့ အားလုံးပေါင်းလိုက်တော့ သူတို့နိုင်သွားတယ်လို့ ပြောတယ်”

တဆက်တည်းမှာပဲ ကော့ကရိတ်မြို့နယ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အဲဒီမှာ ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီက ဘားအံမြို့ခံတဦးကို ကျမမေးကြည့်တော့ သူက အခြေအနေတွေကို အခုလိုပြောပြပါတယ်။

“မနေ့တုံးက ညနေ ၄ နာရီ မဲပိတ်တဲ့အချိန်အထိ ကျမတို့အဲဒီမဲရုံတွေ တစ်ရုံတစ်ရုံ သွားနိုင်သလောက်သွားခဲ့တယ်လေ။ သွားခဲ့တဲ့အခါ လောင်းကိုင်ရွာမှာတော့ ဖလုံ စဝေါ်ပါတီက မဲအပြတ်အသတ်ကိုရတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုရင် မဲ ၉ ပဲရတာမျိုးပေါ့နော်။ ကျမတို့ ကျတော့ မဲအရေအတွက် အများအကြီး အပြတ်အသတ်ကို ကွာတာပေါ့လေ။ အဲဒါကတော့ ကော့ကရိတ် မဲဆန္ဒနယ် အမှတ် ၁ ပါ။

ကော့ကရိတ် မဲဆန္ဒနယ် အမှတ် ၂ မှာ စဘီကျင်ဦးဝင်ပြိုင်တယ်။ အဲဒီမှာလည်းပဲ စဘီကျင်ဦးက အခြေအနေကောင်းတယ်လို့ ကျမတို့ အဆက်အသွယ် ရတော့ သိရတယ်။ ကျမတို့ ကြားရသလောက် ဖလုံ - စဝေါ်ပါတီက အခြေအနေကောင်းပါတယ်။ ဘားအံမှာကော ကော့ကရိတ်မဲဆန္ဒနယ် အမှတ် ၁ ရော၊ အမှတ်၂ ကော။ ကြာအင်းဆိပ်ကြီးတို့၊ တခြားမြို့နယ်တို့ကျတော့ သိပ် contact မရသေးဘူး။ ကျမတို့က ကိုယ်လွှတ်ထားတဲ့ ပါတီ ကိုယ်စားလှယ် ၂ ယောက် ၂ ယောက်စီမှာ ပေးထားတဲ့ list တွေကိုပဲ လိုက်သိမ်းနေတာပေါ့နော်”

တဆက်ထဲမှာပဲ ဧရာဝတီတိုင်းဘက်ကိုကြည့်မယ်ဆိုရင်တော့ အခြေအနေတွေအားလုံးကို ခြုံငုံသိရဖို့ အင်မတန်ခက်နေပါသေးတယ်။ ဧရာဝတီတိုင်း၊ ဘိုကလေးတမြို့ထဲရဲ့ အခြေအနေကို ကြည့်ရင်တော့ ကြံ့ခိုင်ရေးပါတီက ရှေ့ပြေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“ဘိုကလေးအခြေအနေကတော့ ကြံ့ခိုင်ရေးပဲ နံပါတ် ၁ အောက်မေ့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကြံ့ခိုင်ရေးကပဲ နေရာတကာမှာ အကုန်လုံး နေရာယူထားတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးက သူတို့က ထည့်ခိုင်းစေချင်တယ်လေ။ ကြိုတင်မဲ ထည့်ခိုင်းတာပေါ့။ ပြောရမှာတောင်မှ နည်းနည်းခက်တယ်လေ။ ဘာလို့လဲဆိုတော့ ကျနော်တို့က ၁၉၉၁ ခုနှစ်ထဲက ဖြစ်ခဲ့တဲ့ကိစ္စလေးတွေက ရှိနေတယ်မို့လား။ သူတို့ကို ထည့်ရမယ့်သဘောရှိတာပေါ့။ ကြောက်ကြတာပေါ့။ လူတွေက။ မထည့်ရင် တခုခုဖြစ်မလား၊ တချို့လည်း အဲဒီလို စိုးရိမ်တာပေါ့။”

ဘိုကလေးမြို့အပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ကရင်တိုင်းရင်းသားတွေအများအပြားနေထိုင်ကြတယ်ဆိုတော့ ဒီ ဧရာဝတီတိုင်းမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကရင်ပြည်သူ့ပါတီ KPP အပေါ်မှာ ဒေသခံတွေမဲပေးတဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ကရင်အမျိုးသားပါတီကိုတော့ တော်တော်များများလေးတော့ ထည့်ပါတယ်။ ဒီဘက်မှာတော့ ကရင်အမျိုးသားတွေ များတာကိုး။ ကရင်အမျိုးသားများပေမဲ့လည်း မဲထည့်တဲ့သူတွေကလည်း နားမလည်ကြဘူး။ သဘောမပေါက်ကြဘူး။ ထည့်ခိုင်းတယ်ဆိုရင်လည်း သူတို့ကထည့်၊ ပယ်မဲတွေကလည်းများတယ်။ ကြိုတင်မဲတွေလည်း ထည့်ရတာပေါ့။ အဲဒီသဘောလေးရှိတာပေါ့”

တဆက်တည်းမှာပဲ ကရင်ပြည်သူ့ပါတီနဲ့ နီးစပ်သူတဦးကလည်း ဧရာဝတီတိုင်းက အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“အကုန်လုံးတော့ နေရာတိုင်းမှာကတော့ မကြားဘူးပေါ့နော်။ ကြားရသလောက်ကတော့ အခြေအနေကောင်းတာလည်းရှိတယ်။ အခြေအနေမကောင်းတာလည်းရှိတယ်ပေါ့နော်။ အခြေအနေကောင်းတယ်ဆိုတာက တချို့ကိုယ်စားလှယ်တွေရှိတော့ သူတို့က ပြန်ပြောပြတာပေါ့။ သူတို့က သူတို့စောင့်တဲ့မဲရုံ အခြေအနေပေါ်မှာပဲ ပြောပြနိုင်တာကိုး။ အနည်းဆုံးတော့ မြို့နယ် တမြို့နယ်နဲ့ တမြို့နယ်က Result တွေအားလုံပေါင်းပြီးတော့မှ ရမှာကိုး။ ဆိုတော့.. ကိုယ့်ရဲ့ ကိုယ်စားလှယ်တွေ ပြောတဲ့အပေါ်မှာပဲ အခြေအနေကောင်းတယ် မကောင်းဘူးဆိုတာက နည်းနည်းလေး မှန်းကြည့်လို့ ရတာပေါ့နော်။ အတည်ယူလို့တော့ မရသေးဘူးထင်တယ်”

အခု ကြားခဲ့ရတာကတော့ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်ဘက်က ရွေးကောက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ ဒေသခံတွေနဲ့ ပါတီကိုယ်စားလှယ်တချို့ရဲ့ ပြောပြချက်တွေဖြစ်ပါတယ်။ မဲဆန္ဒနယ် နေရာတွေ တော်တော်များများမှာ ကြောက်အားလန့်အားနဲ့ မဲပေးရတာတွေရှိသလို ကြိုတင်မဲတွေနဲ့ မဲမသမာမှုတွေရှိနေတာတွေကိုလည်း ဒေသခံတွေက ပြောပြကြပါတယ်ရှင်။

XS
SM
MD
LG