သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူတိုက်ပွဲကြောင့် ဒေသခံတစ်သောင်းခန့်တိမ်းရှောင်နေရ


DKBA တပ်ဖွဲ့ဝင်အချို့။
DKBA တပ်ဖွဲ့ဝင်အချို့။

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့ကို ဒီကေဘီအေတပ်ဖွဲ့တွေက ဒီကနေ့ နံနက်မှာပဲ ဝင် ရောက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါ တယ်။ မြို့ကို စီးနင်းသိမ်းထားတဲ့ ဒီကေဘီအေတပ်ဖွဲ့တွေဟာ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အတွက် ပြုလုပ်ရတယ်လို့လည်းဆိုပါတယ်။ ဒီညပိုင်းမှာ တိုက်ပွဲ အပြင်း အထန်ဖြစ်လာမယ့် အခြေအနေအတွက် ရွာသားတစ်သောင်းခန့် မွန်ပြည်သစ်ထိမ်းချုပ်ဧရိယာထဲကို တိမ်းရှောင်နေကြတယ်လို့လည်းဆိုပါတယ်။ မွန်ကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေးကော်မီတီအနေနဲ့ လတ်တလောဖြစ်တဲ့အခြေအနေကြောင့် နေရာချထားပေးဖို့ စီစဉ်နေဆဲလို့လည်း ဆိုပါတယ်။

ဒီအခြေအနေကိုတော့ စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်က ဆက်ပြီးပြောပြပေးပါ့မယ်။

ဒီကေဘီအေ (၉၀၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောနော်တာရာဦးစီးတဲ့တပ်ဖွဲ့တွေဟာ အခုအချိန်ထိ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ မြိုု့ကိုဝင်စီးထားခဲ့ပြီးလို့ ဒေသခံတွေကပြောပါတယ်။ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ ဒီညမှာ ထိုးစစ်ဆင်ဖို့ ကြိုတင်ပြင်ဆင်နေပြီးလို့ မြို့ခံတစ်ဦးက အခုလိုပြောပါတယ်။

“အခုသုံးဆူတမြို့လုံး ကရင်ကသိမ်းလိုက်ပြီလေ။ တချို့အစိုးရစခန်းတွေမီးရှို့တယ်။ အခုက ဒီည စစ်တပ်က သူတို့ကိုပြန်တိုက်မယ်ဆိုလို့ စိုးရိမ်ပြီးတော့ ရွာသားထိမှာကြောက်လို့ ရွာသားတွေကို ည(၈)နာရီခွဲမတိုင်ခင် မြို့ပြင်ထွက်ပေးပါတဲ့။ သူတို့ကမြို့ထဲကနေ ခံချမှာ”

ဒု-ဗိုလ်မှူးကြီးစောနော်တာာရာ ဦးစီးတဲ့ဒီကေဘီအေ(၉၀၇)တပ်ဖွဲ့တွေဟာ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ လက်မခံတဲ့အဖွဲ့ဖြစ်တဲ့ ဗိုလ်မှူးချုပ်စောလားဗွယ်နဲ့ စိတ်တူသဘောတူဖြစ်သူတစ်ဦးလို့လည်း သတင်းထွက် ပေါ်နေပါတယ်။ အခုလို မြဝတီမြို့တိုက်ပွဲနဲ့ ဘုရား သုံးဆူမြို့တိုက်ပွဲဟာ အချိန်နဲ့ တပြေး ညီဖြစ်နေတယ်လို့ စစ်ရေး အကဲခတ်တဲ့သူတွေကဆိုပါတယ်။ ဘုရားသုံးဆူမြို့တွင်း တိုက်ပွဲ အခြေ အနေနဲ့ ပတ်သက်လို့ ဒီကေဘီအေဘက်က စစ်ဘက်အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်း ခဲ့ရာမှာ အခုလိုပြောပါတယ်”

“(၁၁)နာရီ(၁၅)မိနစ်မှာဖြစ်တယ်၊ အခုထိဘဲပေါ့။ အခုထိ တိုက်ပွဲဟာမပြီးသေးဘူး၊ ဟိုမြို့တွင်း မှာရှိတယ်။ ကျနော်တို့လူတွေက ပြီးတော့ ကျနော်တို့ လက်နက်ရတာ အားလုံးပေါင်း(၉)လက်ရှိပြီး န.အ.ဖဘက်က အလောင်း (၂) လောင်းတွေ့တယ်။ အဲဒီမှာ၊ မြို့ထဲပတ်ဝန်းကျင် ရယ်၊ စ.ရ.ဖ ရုံးရှေ့ရယ် မြို့တွင်း ဒီချက်ပွိုင့်နားအကုန်လုံးပဲ”

ဗိုလ်မှူးကြီးစောနော်တရာဦးစီးတဲ့ ဒီကေဘီအေတပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ်ကိုလည်း လက်မခံ စစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လို့ မြို့သိမ်းတယ်လို့ ပြောပါတယ်။ ဒီကေဘီအေတပ် နောက်ကွယ်ကနေ ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံး လက် အောက်ခံ တပ်ရင်း(၁၆)ကနေ စစ်ရေးအကူအညီ ပေးနေတယ်လို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ မြန်မာစစ်တပ်တွေ ကတော့ တပ်ကုန်းအထက်မှာပဲအသင့်နေရာယူထားပြီး ညနေပိုင်းအထိတော့ စစ်ဆင်ရေးမပြုလုပ် သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလို တိုက်ပွဲကြောင့် ဘုရားသုံးဆူမြို့နဲ့ အနီးဝန်းကျင်ရွာက လူတစ်သောင်းကျော် အိုးအိမ်ကို စွန့်ခွာထွက်ပြေးနေရတယ်လို့ ရွာသား တွေကပြောပါတယ်။ စစ်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့ ရွာသားတွေကို ထိုင်းစစ်တပ် အာဏာပိုင်တွေက ထိုင်းနယ်မြေထဲကို ဝင်ခွင့် မပေးဘူးလို့လည်း စစ် ပြေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။ အခုထွက်ပြေးလာတဲ့ဒုက္ခသည်တွေဟာ မွန်ပြည်သစ်ပါတီ အခြေခံ စခန်း ဖြစ်တဲ့ ဂျပန်ရေတွင်း ကျေးရွာနဲ့ ဘုန်းကြီးကျောင်းတွေမှာပဲ ယာယီနေထိုင် နေကြပါတယ်။

ထွက်ပြေးလာတဲ့စစ်ပြေးဒုက္ခသည်တွေအတွက် နေရာချထားရေးကိစ္စနဲ့ပတ်သက်ပြီး မွန်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးကော်မီတီ နိုင်ဗညားအိန်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ မနက်ဖန်မှသူတို့တတွေကို နေရာချထားပေးဖို့ အစီအစဉ်လုပ်နေတယ်လို့ ပြောပါတယ်။

အလားတူမြဝတီမြို့မှာ ဒီကေဘီအေတပ်တွေနဲ့ စစ်အစိုးရတို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ထိုင်းနယ်စပ်ဘက်ကို စစ်ပြေးဒုက္ခသည် တစ်သောင်း လောက် ထွက်ပြေးလာတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေကို အကူညီပေးနေတဲ့ တီဘီဘီစီအဖွဲ့ကတော့ ဒီနေ့ နေခင်းပိုင်းမှာ စစ်ပြေး (၆၀၀၀) လောက် ရောက်ရှိနေပြီး ဒီနေ့အတွက်တော့ စစ်ပြေးဒုက္ခသည် (၉၀၀၀) လောက်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်ခင်ဗျား။

XS
SM
MD
LG