သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးလွင်ဈာပနနှင့် voa မြန်မာဌာနမှူး မြန်မာပြည်ခရီး


ဦးလွင်ဈာပနနှင့် voa မြန်မာဌာနမှူး မြန်မာပြည်ခရီး
ဦးလွင်ဈာပနနှင့် voa မြန်မာဌာနမှူး မြန်မာပြည်ခရီး

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးလွင်ရဲ့ အသုဘ အခမ်းအနားကို ဒီကနေ့ နေ့လည်ပိုင်းက ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့တာမှာ ပရိတ်သတ်စုံစုံလင်လင် လာရောက်ပြီးတော့ သူ့ရဲ့နောက်ဆုံးခရီးကို ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။ ဒုတိယဥက္ကဋ္ဌဦးတင်ဦးနဲ့ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့က နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလတလျှောက် NLD ကို ဦးဆောင်ခဲ့သူ တယောက်ဖြစ်သလို NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကိုယူခဲ့တဲ့ ဦးလွင်ရဲ့အသုဘကို မြန်မာနိုင်ငံမှာရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းလည်း သွားရောက်ခဲ့ပါတယ်။ ဒါကြောင့် အသုဘအခမ်းအနားကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က ဦးသန်းလွင်ထွန်းကိုဆက်သွယ်ပြီး မြင်ရတွေ့ရတာတွေကို မေးတဲ့အခါ ဦးသန်းလွင်ထွန်းက အခုလို စဖြေပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အခု ရေဝေးသုဿန်မှာရှိတဲ့ အသုဘအခမ်းအနား စီစဉ်ထားတဲ့ နေရာကို နေ့လည် ၁၂ နာရီ ၄၅ လောက်မှာ ကျနော်ရောက်သွားပါတယ်။ အဲဒီမှာ ဧည့်ပရိတ်သတ် တော်တော်စုံနေပါပြီ။ ကျနော်ရောက်သွားတဲ့အချိန်ကျတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တော်တော်များများနဲ့ တော်တော်လေးကို ကြိတ်ကြိတ်တိုး ရှိနေပါတယ်။ ဦးတင်ဦး၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ စီနီယာတွေပေါ့နော်၊ CEC member ကြီးတွေကိုလည်း တွေ့ခဲ့ရပါတယ်။

အဲဒါအပြင်ကို နိုင်ငံရပ်ခြား သံတမန်တွေအနေနဲ့ အမေရိကန်သံရုံးက ဒုတိယ သံရုံးတာဝန်ခံ၊ သြစတြေးလျသံရုံးက ဒုတိယသံရုံးတာဝန်ခံတွေ တွေ့ခဲ့ပါတယ်။ အဲဒါတွေအပြင် နိုင်ငံရေးပါတီတွေထဲက ကျနော်နဲ့ နှုတ်ဆက်ဖြစ်တာက ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးသုဝေ အစရှိတဲ့ တခြား နိုင်ငံရေးအဖွဲ့အစည်းတွေကလူတွေလည်း တွေ့ခဲ့ပါတယ်။ နောက် ကျနော် ဖော်ပြဖို့ကျန်သွားတာတော့ ဦးဝင်းတင်လည်း ကျနော် တွေ့ခဲ့ပါသေးတယ်။

ဆိုတော့NLD အဖွဲ့က အဖွဲ့ဝင်တွေ အားလုံး စုံစုံညီညီနဲ့ အသုဘအခမ်းအနားက တော်တော်လေး စည်စည်ကားကားပါပဲ။ ကျနော်ကြားလိုက်ရတာကတော့ ဦးတင်ဦးကနေပြီးတော့ ဦးလွင်ရဲ့ သမိုင်းကြောင်းဖြတ်သန်းမှုလေးကို အကျဉ်းရုံးရှင်းပြပြီးတော့ အားလုံးငြိမ်သက် အလေးပြုခဲ့ကြပါတယ်။ အားလုံးကတော့ ဦးလွင်ကို တော်တော်လေးကို လေးလေးစားစား ရှိကြတဲ့သူတွေဆိုတော့လေ - စည်စည်ကားကားနဲ့လိုက်ပြီးတော့ ပို့ဆောင်နှုတ်ဆက်ကြတာကို တွေ့ရပါတယ်။

မစုမြတ်မွန်။ ။ ကိုသန်းလွင်ထွန်းပြောသွားတဲ့အထဲမှာ NLD ခေါင်းဆောင်တွေ၊ နောက် နိုင်ငံရေး ပိုင်းက ခေါင်းဆောင်တွေ၊ သံတမန်တွေပါတယ်ဆိုတော့ တခြားပေါ့နော်- ဦးလွင်အကြောင်းကို သိပြီးတော့ လာကြတဲ့သူတွေကိုရော တွေ့ခဲ့ရပါလား။

ဦးသန်းလွင်ထွန်း။ ။ အဲဒီနေရာမှာ ကျနော် တခု ဝန်ခံရမှာရှိပါတယ်။ ကျနော်ကလည်း အခု ဗမာပြည်ကို ၂၃ နှစ်တာအတွင်းမှာ ပထမဦးဆုံး ကျနော်ပြန်ရောက်နေတာပါ။ ပြန်ရောက်နေတော့ တချို့လူတော်တော်များများကို ကျနော့်အနေနဲ့ မသိဘူးဖြစ်နေတယ်ခင်ဗျ။ မသိဘူးဖြစ်နေတယ်ဆိုတာက တချို့ကတော့ လူတော်တော်များများက ရောထွေးနေတာလည်းရှိတယ်။ နောက် ကျနော့အနေနဲ့လည်း ရုတ်တရက်လူတွေ သိပ်ပြီးများတော့ ဘယ်သူဘယ်ဝါရယ်လို့ ခန့်မှန်းရခက်တယ်လေ။ နောက်ပြီးတော့ အသုဘအခမ်းအနားဆိုတော့ သွားပြီးတော့ ဘယ်သူဘယ်ဝါပါဆိုတာ မေးမြန်းနှုတ်ဆက်တဲ့ အနေအထားလည်း မဖြစ်နိုင်တဲ့အနေအထားဆိုတော့ လူတော်တော်များများ၊ လူကြီးတော်တော်များများ လာကြတယ်ဆိုတာတော့ ကျနော် တွေ့ပါတယ်။

မစုမြတ်မွန်။ ။ အခုတဆက်တည်း ကိုသန်းလွင်ထွန်းရဲ့ခရီးစဉ်ကို မေးပါရစေ။ ဗွီအိုအေ မြန်မာပိုင်းရဲ့ ဌာနမှူးတယောက်အနေနဲ့ မြန်မာနိုင်ငံကိုရောက်နေတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့တွေ့တယ်။ ဆွေးနွေးတယ်ဆိုတာကိုလည်း သတင်းစာတွေထဲမှာ ဖော်ပြတော့ လူတွေက တော်တော်လေး စိတ်ဝင်စားနေကြပါတယ်။ ဘာကြောင့် ကိုသန်းလွင်ထွန်းက မြန်မာပြည်မှာ ရောက်နေရတာလဲ။ နောက်ပြီးတော့ ဒီခရီးစဉ်ဆိုတာ ဘာလဲဆိုတာကို ပြောနိုင်သလောက် ပြောပြပေးပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ ဒီခရီးစဉ်ကတော့ အခု မနက်ပဲ တကယ်တန်းကျတော့ နေပြည်တော်ကနေပြီးတော့ ရန်ကုန်မြို့ကို ပြန်လာတာပါ။ ပြန်ရောက်ရောက်ချင်းပဲ ရန်ကုန်မြို့မှာ တခြားဘယ်မှ မဝင်ဘဲနဲ့ ရေဝေးသုဿန်ကိုလာပြီးတော့ ဒီ ဦးလွင်ရဲ့ အသုဘအခမ်းအနားကိုပေါ့နော် - တက်ဖြစ်အောင် ကျနော် တက်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဦးလွင်က တချိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြန်ကြားရေး၊ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်က၊ တချိန်က ကျနော် ဘီဘီစီမှာလုပ်ခဲ့တဲ့အချိန်ရော အခုနောက်ပိုင်း ဗွီအိုအေမှာ လုပ်နေတဲ့အချိန်မှာရော အမြဲမပြတ် ထိတွေ့ဆက်ဆံခဲ့ရတဲ့ သူတစ်ဦးဖြစ်ပါတယ်။

ကျနော့်အနေနဲ့လည်း ပထမဆုံးပြန်လာရတဲ့ ဒီခရီးစဉ်အတွင်းမှာ နှုတ်ဆက်ဂါရဝပြုရမယ့် စာရင်းထဲမှာ ထိပ်ဆုံးကထားခဲ့ရတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ ဒါပေမဲ့ သက်ရှိထင်ရှား နှုတ်မဆက်လိုက်ရဘူးဆိုတော့ တော်တော်လေးလည်း ကျနော် စိတ်မကောင်းဖြစ်ရပါတယ်။

ကျနော့ခရီးစဉ်နဲ့ပတ်သက်လို့ကတော့ မြန်မာသတင်းစာတွေမှာရော၊ နောက် MRTV မှာလည်း သူတို့ ဖော်ပြတာလေးတွေရှိတယ်ဆိုတော့ ရေဝေးသုဿန်ထဲ ကျနော်ဝင်သွားလိုက်တယ် ဆိုတာနဲ့ပဲ လူတော်တော်များများက ကျနော့်ကို မှတ်မိနေပြီးတော့ ပြောကြဆိုကြတာတွေရှိပါတယ်။ ဗွီအိုအေ သန်းလွင်ထွန်းဆိုပြီးတော့ ပေါ့နော်။

စောစောကမေးတဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့တွေ့တယ်ဆိုတဲ့ ကိစ္စတွေမှာတော့- ဟုတ်ပါတယ်၊ ကျနော့်ရဲ့ခရီးစဉ်က ဗွီအိုအေ မြန်မာဌာနနဲ့ မြန်မာအစိုးရပြန်ကြားရေးဌာနရဲ့ ပွင့်လင်းလာတဲ့ အခြေအနေတေ ွကြားထဲမှာ ကျနော်တို့ ဘယ်လို ညှိနှိုင်းပြီးတော့ သတင်းရယူရေး၊ သတင်းဖြန့်ချိရေး တွေကို လုပ်ကြမလဲ ဆိုတာကို အကြိုညှိနှိုင်းကြဖို့ဆိုတဲ့ သဘောပါပဲ။ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်းအပါအဝင် MRTV 4, MRTV 3၊ အဲဒါအပြင် FM ရေဒီယိုတွေ အတော်များများနဲ့ တွေ့ဆုံခဲ့ပါတယ်။ လုပ်ငန်းသဘောပါပဲ။

ဆိုတော့- နောက်ပိုင်းမှာတော့ လုပ်ငန်းသဘောလေးတွေကို ရှင်းရှင်းလင်းလင်း ဆွေးနွေးပြီးပြီ ဆိုလို့ရှိရင်တော့ ကျနော့်အနေနဲ့ အကုန်လုံးလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတင်ပြသွားဖို့ အဆင်သင့်ပါပဲ။ အခုတော့ ဒီလောက်ပဲ ပြောနိုင်ပါလိမ့်မယ်။

မြန်မာပြည်မှာရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG