သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီငလျင် သေဆုံးသူ ၄၀၀ ကျော်ပြီ


ငလျင်ဒဏ်အပျက်အစီးပုံတွေအောက် သီတင်း ၂ ပတ်ပဲ ရှိသေးတဲ့ ကလေးငယ်ကို ကယ်ဆယ်ခဲ့စဉ်။
ငလျင်ဒဏ်အပျက်အစီးပုံတွေအောက် သီတင်း ၂ ပတ်ပဲ ရှိသေးတဲ့ ကလေးငယ်ကို ကယ်ဆယ်ခဲ့စဉ်။

တူရကီ နိုင်ငံ အရှေ့တောင်ပိုင်းမှာ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးရသူ အရေအတွက်ဟာ အခုဆိုရင် ၄၃၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူကလည်း အနည်းဆုံး ၁,၃၀၀ ကျော်သွားပါပြီ။

ပြင်းအားအဆင့် ၇.၂ ရှိတဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိနေသူဟာ ရာနဲ့ချီရှိနေပြီး တချို့ကတော့ ထောင်ဂဏန်းအထိရှိမယ်လို့ ခန့်မှန်းကြတာမို့ သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ အခုထက် ပိုပြီးတိုးလာနိုင်ဖွယ်ရာ ရှိပါတယ်။ ထောင်နဲ့ချီတဲ့ သူတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

အင်္ဂါနေ့က ပြိုကျနေတဲ့ အဆောက်အဦးတွေအောက်က သီတင်း ၂ ပတ်ပဲ ရှိသေးတဲ့ မွေးကင်းစ ကလေးငယ်လေးတဦးကို ကယ်ဆယ်ရေးလုပ်သားတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ မိခင်နဲ့ အဖွားဖြစ်သူကိုပါ ကယ်တင်နိုင်ခဲ့တာပါ။ သူတို့ဟာ ပြိုကျနေတဲ့ အဆောက်အဦး၂,၀၀၀ ကျော် အောက်မှာ ၄၈ နာရီကြာလောက် ပိတ်မိနေခဲ့တာပါ။ ဖခင်ဖြစ်သူကိုတော့ အခုထိ ရှာမတွေ့သေးပါဘူး။ သူ သေဆုံးသွားပြီလားဆိုတာလည်း မသိရသေးပါဘူး။

တူရကီအရာရှိတစ်ဦးကနေ ပန်ကြားခဲ့တဲ့အတွက် အစ္စရေးစစ်တပ်က အရေးပေါ် အိမ်ဆောက် ပစ္စည်းတွေ အပါအဝင် အထူး ကယ်ဆယ်ရေးကိရိယာတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပို့ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ အစပိုင်းတုန်းကတော့ အစ္စရေးရဲ့ အကူအညီပေးဖို့ ကမ်းလှမ်းချက်ကို တူရကီဘက်က ငြင်းပယ်ခဲ့ပါတယ်။ တူရကီငလျင်ဘေး ကယ်ဆယ်ကူညီရေးအတွက် နိုင်ငံပေါင်း ၉၀ လောက်က ကမ်းလှမ်းခဲ့ကြပေမဲ့ သူနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အီရန်နိုင်ငံနဲ့ အဇာဘိုင်ဂျန် နိုင်ငံတွေဆီက ကူညီမှုတွေကိုသာ တူရကီနိုင်ငံက လက်ခံခဲ့တာပါ။

နိုင်ငံတကာ ကြက်ခြေနီအသင်းကြီးကတော့ သူ့ရဲ့ တူရကီအဖွဲ့က အဆောက်အဦး အပြိုအပျက်တွေ ကြားမှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ကြက်ခြေနီ အဖွဲ့က ရွက်ဖျင်တဲ ၇,၅၀၀ ကျော်နဲ့ စောင်အထည်ပေါင်း ၂၂,၀၀၀ ကျော် ဖြန့်ဖြူးပေးခဲ့သလို မီးဖို၊ အစားအစာနဲ့ သောက်ရေသန့်တွေကိုပါ ပေးဝေခဲ့ပါတယ်။

အီရန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်က Ercis မြို့မှာလည်း အပျက်အစီး အများအပြား ရှိခဲ့ပြီး ရေနဲ့လျှပ်စစ်မီးတွေ ဖြတ်တောက်ထားခဲ့ပါတယ်။ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေထဲမှာ အင်္ဂါနေ့က ပြင်းအားအဆင့် ၅.၄ ငလျင်တစ်ခု ထပ်ပြီးလှုပ်ခဲ့တာမို့ အဆောက်အဦးထဲကလူတွေ ကြောက်လန့်တကြားနဲ့ လမ်းမတွေပေါ် ထွက်ပြေးခဲ့ကြရပါတယ်။

XS
SM
MD
LG