သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ပေးဖို့ ထိုင်းစောင့်ကြည့်မည်


မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ပေးဖို့ ထိုင်းစောင့်ကြည့်မည်
မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ပေးဖို့ ထိုင်းစောင့်ကြည့်မည်

ထိုင်းနိုင်ငံက ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအာစီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေး အဆိုပြုချက်ကို တရားဝင်ထောက်ခံနိုင်ဖို့အတွက် လက်ရှိအာစီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်မှုကို စောင့်ဆိုင်းဖို့ လိုသေးတဲ့အကြောင်း ထိုင်းအစိုးရပြောခွင့်ရသူက ဒီနေ့ VOA ကိုပြောဆိုလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင် ဆန်းစုကြည်နဲ့ မတွေနိုင်ခဲ့တာဟာလည်း လျစ်လျူရှုတဲ့ သဘောမဟုတ်ဘဲ နေ့ချင်းပြန် နေ့ဝက်ခရီးဖြစ်တဲ့အတွက် မတွေ့နိုင်ခဲ့တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ထွန်းရေး ဆက်လက်အားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံတင်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ထုတ်ပြန်တဲ့ မြန်မာသတင်းစာတွေမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန်အဆိုပြုချက်ကို ထိုင်းနိုင်ငံရဲ့ထောက်ခံမှု ကျေးဇူးတင်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့ကြောင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ခရီးစဉ်နဲ့အတူ လိုက်ပါသွားခဲ့တဲ့ ထိုင်းအစိုးရပြောခွင့်ရသူ Khun Titima Chaisang ကို မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေး အဆိုပြုချက်ကို ထိုင်းနိုင်ငံက ထောက်ခံတဲ့ အကြောင်း ပြောဆိုဖြစ်ခဲ့ပါသလားလို့ ဗွီအိုအေက မေးကြည့်တဲ့အခါမှာ

“ထောက်ခံတယ်လို့ ပြောဖို့ အချိန်မကျသေးပါဘူးတဲ့။ ကျမတို့အနေနဲ့ ဒီအချိန်မှာ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်တဲ့အဖြေကို စောင့်ဆိုင်းဖို့ လိုနေပါသေးတယ်တဲ့။ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် ဒီအချိန်မှာ ထောက်ခံတယ်လို့ တခါတည်း အပြတ်ပြောလို့ မရသေးပါဘူးလို့ ပြောသွားတာပါ။ ထိုင်းနိုင်ငံအနေနဲ့ တခြား အာဆီယံနိုင်ငံတွေ နည်းတူ တစုတစည်းတည်း ညီညွတ်တဲ့အသံနဲ့ ဆုံးဖြတ်တဲ့နေရာမှာ ပါဝင်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် နယ်စပ်ဒေသကုန်သွယ်ရေး အခြေခံအဆောက်အဦ စီမံကိန်းတွေ၊ နောက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး စတာတွေကို နှစ်နိုင်ငံနားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေလည်း ရှိပါတယ်တဲ့။

ဒါကြောင့် မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အရေးပါတဲ့ အိမ်နီးချင်းဖြစ်တယ်လို့ Khun Titima Chaisang က ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မူအားဖြင့်တော့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ အဆိုပြုချက် အပါအဝင် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပိုပြီးတော့ တက်တက်ကြွကြွ ဆက်ဆံလာတာကို တွေ့မြင်လိုပါတယ်တဲ့။ ဒါပေမဲ့ ဒီအချိန်မှာတော့ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်မှုကို အရင်စောင့်ကြည့်ရအုံးမှာဖြစ်တယ်လို့ - ပြောပြသွားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ ဒီကနေ့ထုတ် The Nation သတင်းစာမှာ ဆောင်းပါးရှင် ဆူပါလပ်ဂဲန် ဂျဲန်နာခွန်ဒီးက ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လျစ်လျှူရှု ဥပေက္ခာ ပြုခဲ့တဲ့အတွက် ဝေဖန်ထားတာနဲ့ပတ်သက်လို့တော့ ထိုင်းအစိုးရ ပြောခွင့်ရသူ Khun Titima Chaisang က အခုလို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခဲ့တာကို ကျမတို့က လျစ်လျှူရှုတဲ့သဘော မဟုတ်ပါဘူးတဲ့။ နေ့ချင်းပြန် နေ့ဝက်ခရီးမှာ နေ့လည်တနာရီကနေ ည သန်းကောင် အထိ နေပြည်တော်မှာပဲ အချိန်ကုန်ခဲ့တာမို့ ရန်ကုန်သွားဖို့ အချိန်မရလို့သာ မတွေ့နိုင်ခဲ့တာပါတဲ့။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ၊ ဖြစ်ထွန်းတိုးတက်မှုတွေ တွေ့ရလို့ ကျမတို့က ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်လို့ ပြောသွားတာပါ။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ရဲ့ နေ့ချင်းပြန်ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသရေးရာ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ သင်္ကန်းညီနောင်ကနေ ကော့ကရိတ်အထိ ကားလမ်းဖောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မဲဆောက်-မြဝတီ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြုပြင်မွမ်းမံရေးကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG