မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ဒီကနေ့ နေပြည်တော်မှာ သံအမတ် ခန့်အပ်လွှာ ပေးအပ်တာနဲ့ ပတ်သက် ပြီး ဒါဟာ မြန်မာနိုင်ငံအတွက် အလားအလာကောင်းဖြစ်တယ် လို့ မြန်မာ့အရေး သုံးသပ်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အပေါ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေကိုလည်း မကြာခင်မှာ ရုပ်သိမ်းပေးနိုင်လိမ့်မယ်လို့ စီးပွားရေးသမားတွေက မျှော် လင့်နေကြတာပါ။ အသေးစိတ်ကို တော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် Mr. Derek Mitchell ဟာ ဇူလိုင်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါတယ်။ သံအမတ်ကြီးမစ်ချဲကတော့ ၂ နိုင်ငံကြား ခိုင်မာတဲ့ဆက်ဆံရေးတရပ်ကို ထူထောင်သွားနိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း သံအမတ်ကြီး အဖြစ် မြန်မာနိုင်ငံကို မသွားမီမှာပဲ Facebook အင်တာနက် စာမျက်နှာပေါ်က တဆင့် နှုတ်ခွန်းဆက်ရာမှာ ပြောဆိုထားတာပါ။ စိန်ခေါ်မှုတွေဟာ မြန်မာနိုင်ငံမှာသာမက အမေရိကန် အတွက်ပါ ရှိနေတာမို့ ရှေ့မှာလျှောက်ရမယ့်ခရီးလမ်းဟာ လွယ်လွယ်ကူကူတော့ မဟုတ်ဘူး လို့လည်း အသိအမှတ်ပြု ပြောဆိုသွားခဲ့ပေမဲ့ ဒါတွေကို လက်တွဲ ကျော်လွှားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အခုလို သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း မြန်မာနိုင်ငံ မှာ သံအမတ်ခန့်အပ်တဲ့အထိ အမေရိကန်နဲ့ မန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် လာတဲ့အပေါ် သံတမန်လောက-ကရော စီးပွားရေး လောက-ကပါ ကြိုဆိုခဲ့ကြတာပါ။ ရန်ကုန်အခြေစိုက် ဝါရင့်သံတမန်တဦးဖြစ်တဲ့ သခင်ချန်ထွန်းကတော့ -
“အမေရိကန်ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးအတွက် လိုချင်နေတာကိုး။ မြန်မာဘက် ကလည်း ဒီလို နိုင်ငံတွေက အထူးသဖြင့်တော့ အမေရိကန်နဲ့ မြောက်ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းချင်တာလေ။ သူတို့က ပေးနိုင်၊ ကမ်းနိုင်တဲ့၊ ထောက်ပံ့နိုင် တဲ့ နိုင်ငံတွေဖြစ်တော့ မြန်မာအနေနဲ့ကလည်း ဒါ ခင်မင်ရင်းနှီးဖို့ လိုပါတယ်။ ဆက်ဆံရေးကောင်းမွန်ဖို့ လိုတယ်လေ။ မြန်မာအစိုးရ ခေါင်းဆောင်တွေအနေနဲ့ကလည်း ဒီအမြင်နဲ့ ဆက်ဆံရေးကောင်းနေအောင် ကြိုးစားကြလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာအစိုးရနေကနဲ့ စစ်အရှိန်အဝါ သိပ်ပြီးတော့ မပျောက်သေးတဲ့ အစိုးရကိုး။ ရွေးကောက်ပွဲကျရင်တော့ - ရွေးကောက်ပွဲကနေ တင်မြှောက်လိုက်တဲ့ အစိုးရပေါ်ပေါက် လာမှာပဲ။ ပေါ်လာတဲ့အခါမြန်မာနိုင်ငံအနေနဲ့ကတော့လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားရမှာပဲ။ ထို့အတူ နိုင်ငံကြီးတွေနဲ့ကလည်း သူတို့အနေနဲ့ ပိုပြီးတော့ ရင်းနှီးအောင် သူတို့ ကြိုးစားကြရမှာပဲ။”
အလားတူ - မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း ဒုဥက္ကဌ ဦးလှမောင်ရွှေကတော့ - အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး ကောင်းမွန် လာတာနဲ့အမျှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးသင့်ပြီလို့ အခုလို ပြောခဲ့ပါတယ်။
“အမေရိကန်နဲ့ ကျနော်တို့နိုင်ငံရဲ့ဆက်ဆံရေးကို ကျနော်တို့လည်း ကောင်းတာမြင်လိုပါတယ်။ သူတို့ ဒီနေ့ သံအမတ်ခန့်အပ်လွှာ ပေးပြီးပြီဆိုတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်ပြီးတော့ ကောင်းလာမယ့်သဘောမျိုးရှိတာပေါ့။ နောက် ၃ ရက် နေ့မှာပဲ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဒီမှာ လာတွေ့မယ်ဆိုတော့ ရှေ့ရဲ့အလား အလာတော့ ကောင်းလာမယ်လို့ မျှော်လင့်ရတယ်။ တပြိုင်နက်တည်းမှာပဲ မကြာမီရက်ပိုင်းမှာ ကျနော်တို့ နိုင်ငံအပေါ် Sanction ကို ပြန်ပြီးတော့ ရုပ်သိမ်းတော့မယ့်ဟာမျိုးကလည်း- ကျနော်တို့ဘက်က ဒီဟာမျိုးတွေက ဒီအချိန်မှာ lift လုပ်သင့်ပြီလို့ ထင်တာပေါ့နော်။ လက်တွေ့မှာတော့ သူတို့ရဲ့လွှတ်တော် ကိုယ်စားလှယ်တွေက ဘယ်လို လုပ်မလဲမသိဘူး။ ကျနော်တို့ကတော့ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်း ချင်တယ်။ ကျနော်တို့နိုင်ငံသားတွေရဲ့ ကမ္ဘာရဲ့ --- ကုမ္ပဏီတွေ၊ သူတို့နည်းပညာတွေနဲ့ ကျနော်တို့နိုင်ငံရဲ့ အထွေထွေတိုးတက်မှုမှာ လုပ်တာတော့ ကျနော်တို့က မြင်ချင်တာပေ့ါဗျာ။”
အမေရိကန်အစိုးရကတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေကို လျှော့ပေ့ါတဲ့အနေနဲ့ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေအပေါ် ကန့်သတ်ချက် တွေကို ဖယ်ရှားပြီး - အမေရိကန် စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်ရမယ့် လိုင်စင်တွေကို ထုတ်ပေးသွားမယ်လို့ မေလတုန်း ကပဲ ကြေညာထားတာ ဖြစ်ပါတယ်။
အခုလို အမေရိကန် နဲ့ မြန်မာအကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာအောင် တည်ဆောက်တဲ့ အနေနဲ့ အရင်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒရေးရာညှိနှိုင်းရေးမှူးဖြစ်ခဲ့တဲ့ မစ္စတာ မစ်ချဲ ကို - သမ္မတ ဘဲရက်ခ် အိုဘားမား ကနေ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ဖို့ အဆိုပြုခဲ့ပြီးတဲ့နောက် - ပြီးခဲ့တဲ့လကပဲ အထက်လွှတ်တော်ကနေ အတည်ပြုပေး ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေမယ့် ဆက်ဆံရေးတွေ တိုးမြှင့်ဆောင်ရွက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Robert Hormats ဦးဆောင်တဲ့ အဖွဲ့ဟာလည်း ဒီသီတင်းပတ်ကုန်မှာပဲ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ၊ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့အတူ သွားရောက်မယ့် ခရီးစဉ်မှာတော့ အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေး ဆိုင်ရာ လက်ထောက် ဝန်ကြီး Francisco Sanchez နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိတွေလည်း လိုက်ပါ သွားကြမှာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောပါတယ်ရှင်။