သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ကျောင်းတွေ ပြန်ဖွင့်မည်


မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်မှာ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားရာက အရေးပေါ် အခြေအနေအထိ ကြေညာခဲ့ရပေမဲ့ အခုအခါ တည်ငြိမ်စပြုလာနေပြီလို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေ က ပြောပါတယ်။ အခြေအနေတွေ တိုးတက်လာတဲ့အတွက် ကောလိပ်နဲ့ တက္ကသိုလ်တွေလည်း ပြန်ဖွင့်တော့ မှာ ဖြစ်သလို ဒုက္ခသည် အများအပြားလည်း နေရပ် ပြန်လာနေကြပြီလို့ ပြောပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေး ကတော့ တင်းကြပ်ထားဆဲ ဖြစ်တဲ့အကြောင်း အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

သီတင်းပတ်နဲ့ချီပြီးဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် အဓိကရုဏ်းကြောင့်မို့ ပိတ်ခဲ့ရတဲ့ ကောလိပ်တွေနဲ့ တက္ကသိုလ် ကျောင်းတွေဟာ ဇူလိုင်လ ၁၆ ရက် နေ့မှာ ပြန် ဖွင့်တော့မယ်လို့ စစ်တွေ ထိန်းသိမ်းကွပ်ကဲရေး အဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ပြောပါတယ်။ အခြေအနေတွေက အတော်လေး တည်ငြိမ်လာပြီ မို့လို့ အခုလို ကောလိပ်တွေနဲ့ တက္ကသိုလ်ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်တာဖြစ်သလို ဒီအဓိကရုဏ်းတွေကြောင့် ထွက်ပြေးလာကြတဲ့ စစ်တွေမြို့ပေါ်က ဒုက္ခသည်တွေအများစုဟာလည်း အခုဆိုရင် နေရပ်ကိုပြန်ကုန်ကြ ပြီ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့လည်း အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကိုတော့ ချက်ချင်းကြီး ရုပ်သိမ်းဖို့ မဖြစ်နိုင်သေးဘူးလို့ ဦးဝင်းမြိုင် က ဆိုပါတယ်။

“နောက်တပတ် ၁၆ ရက်နေ့မှာ ဖွင့်ပါမယ်။ သံတွဲမြို့နယ်တွေမှာလည်း ဖွင့်မှာပါခင်ဗျ။ စိတ်ချရပါတယ်။ ရသေ့တောင်ဆိုရင် ကယ်ဆယ်ရေးစခမ်းတောင် မရှိတော့ပါဘူးခင်ဗျ။ အကုန်လုံး သက်ဆိုင်ရာ ကျေး ရွာတွေ ပြန်သွားကြပါပြီ။ စစ်တွေမြို့လည်မှာတော့ အိမ်မီးလောင်တဲ့ဟာတွေတော့ ကျန်ပါသေးတယ် ခင်ဗျ။ ကျန်တဲ့ အနီးအနားရွာတွေ၊ မီးမလောင်တဲ့ရွာတွေကတော့ ပြန်သွားကြပါပြီခင်ဗျ။ ရခိုင်ရော မူဆလင်တွေရော ဆိုရင် ၄ သောင်းကျော် လောက်ရှိပါတယ်ခင်ဗျ။ ရခိုင်တပြည်နယ်လုံးဆိုရင် မောင်တော၊ စစ်တွေ မြို့ပေါ်ရောပေါ့။ ၄ သောင်းကျော်လောက်တော့ ကျန်ပါသေးတယ်။ ညမထွက်ရ အမိန့်ကတော့ လောလော ဆယ်တော့ မရုပ်သေးပါဘူးခင်ဗျ။ တဆင့်ပြီးတဆင့်ပေါ့။ ပထမ ၆ နာရီမထွက်ရ ကနေပြီး ၈ နာရီမထွက်ရ။ ၈ နာရီမထွက်ရကနေ မနက် ၅ နာရီ။ ပြီးတော့မှ တဆင့်ပြီးတဆင့်နဲ့ အားလုံးကို ရုပ်သိမ်းဖို့ စီစဉ်ထားပါ တယ်။ နောက်တလအတွင်းမှာတော့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ယူဆရပါတယ်။ ကျောင်းတွေတောင် ပြန်ဖွင့်ပြီ ဆိုတော့ လုံခြုံရေးက အခြေအနေကောင်းပါတယ်။ နောက်တလအတွင်းမှာ အကုန်လုံး ပြန်ရုပ်ဖို့ ဖြစ်ပါလိမ့် မယ်ခင်ဗျ။”

ဒေသတွင်းမှာရှိတဲ့ အခြေခံပညာစာသင်ကျောင်းတွေကိုတော့ ဖွင့်ထားခဲ့တာ သီတင်းပတ်အတန်ကြာခဲ့ပြီဖြစ် ပါတယ်။ ဒါပေမဲ့လည်း မိဘတွေက သားသမီးတွေကို ကျောင်းလွှတ်ဖို့ စိုးရိမ်နေဆဲဖြစ်တဲ့အတွက် ကျောင်းတွေ ဖွင့်ထားပေမဲ့ ကျောင်းသားအများစုက ကျောင်းမလာကြဘူးလို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။ ကျောင်း တက်ချိန်နဲ့ ကျောင်းဆင်းချိန်တွေကိုလည်း ပြောင်းလဲသတ်မှတ်ထားပြီး ကျောင်းချိန်တွင်းမှာလည်း ဆရာ- ဆရာမတွေရော ကလေး တွေရော အခါတိုင်းလို ကျောင်းဝင်းအပြင် မထွက်ကြဘူးလို့ စစ်တွေမြို့ခံ ကိုခိုင်သောင်းစံက ပြောပြပါတယ်။

“စာသင်ကျောင်းတွေကိုလည်း ပြန်ဖွင့်နေပါပြီ။ ကျောင်းပြန်တက်တာကတော့ အရင်တုန်းကလိုတော့ မဖြစ် ဘူးပေါ့။ မိဘတွေက စိုးရိမ်ပြီးတော့မှ မပို့ကြတော့ပါဘူး။ နောက်တော့ ကျောင်းက ခါတိုင်းဆို ၁၀ နာရီကနေ ၄ နာရီအထိပေါ့ ကျောင်းတက်ရပါတယ်။ အခုကျတော့ မနက် ၁၀ နာရီကနေ ၂ နာရီအထိ တောက်လျှောက်ပြ ပါတယ်။ ၁၀ မိနစ် နားချိန်မှာ အဲဒီ ကျောင်းဝန်းထဲမှာပဲ နားခွင့်ပေးပါတယ်။”

အလားတူ စစ်တွေမြို့ပေါ်က ဈေးတွေကိုလည်း ပြန်ဖွင့်နိုင်ပြီဖြစ်ပေမဲ့ တင်းကြပ်ထားတဲ့ လုံခြုံရေးကြောင့် အရင်တုန်းကလိုတော့ လူတွေအနေနဲ့ လွတ်လွတ်လပ်လပ် ဝင်ထွက်ရောင်းဝယ်တာမျိုး မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။

“ဈေးတွေလည်း ပုံမှန်ပြန်ဖွင့်နေပါပြီ။ ဒါပေမဲ့ နဂိုရ်အတိုင်းတော့ ပုံမှန် ပြန်မဖြစ်သေးဘူး ခင်ဗျ။ ဈေးလေးတွေ ကို သွားဝယ်လို့ရှိရင် ဈေးဝယ်တဲ့ ကဒ်တွေ ထုတ်ပေးထားပါတယ်။ ဈေးလာဝယ်တဲ့သူက အဝါရောင်ကဒ် ပါ။ ဈေးရောင်းချတဲ့သူက အပြာရောင်ကဒ်ပါ။ ဈေးမှာ အလုပ်လုပ်တဲ့သူတွေက အစိမ်းရောင်ကဒ် ဆိုပြီး ကဒ် သုံးမျိုး ခွဲထားပြီး ဝင်ပေါက်၊ ထွက်ပေါက် ဆိုပြီးတော့မှ ကုန်တိုက်တွေလိုမျိုး လုပ်ထားတယ်။ နောက် လုံခြုံရေး ရဲနဲ့ စစ်တပ်ပေ့ါလေ၊ အဓိက ရဲတွေအတော်များများက လုံခြုံရေးယူပြီးတော့ ဈေးတွေကို ဖွင့်ပြီး ရောင်းချနေ တာ တွေ့ရပါတယ်။ နောက်ပြီး ဈေးက မနက်ဖွင့်ပြီး ညနေပိုင်းဆို ၃ နာရီ နေက်ဆုံး ဈေးပိတ်ပါတယ် ခင်ဗျ။”

ရခိုင်ပြည်နယ်မှာ ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေကြောင့် သေဆုံးသူ ၈၀ လောက်ရှိပြီး ဒဏ်ရာရသူတွေလည်း တော်တော်များများ ရှိခဲ့တယ်လို့ အစိုးရပိုင် သတင်းတွေမှာ ဖော်ပြခဲ့တာပါ။ ကုလသမဂ္ဂ ကတော့ ဒီပဋိပက္ခတွေအတွင်း သေကျေ ထိခိုက်မှုတွေနဲ့ အိမ်ခြေ ၂ ထောင်ကျော် မီး ရှို့ဖျက်ဆီးခံရတာ အပါအဝင် ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ်ရှိခဲ့ပြီး ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဟာလည်း တစ်သိန်းနီးပါး ရှိခဲ့တယ် လို့ ပြောဆိုခဲ့ပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ သွေးထွက်သံယို အဓိကရုဏ်းတွေဟာ ရမ်းဗြဲမြို့နယ် ကျော်နီမော်ကျေးရွာသူ မသီတာထွေးကို မူဆလင် ၃ ဦးကနေ အဓမ္မပြု ကျင့် သတ်ဖြတ်မှု ဖြစ်ခဲ့ပြီး လက်တုံ့ပြန်တဲ့အနေနဲ့ တောင် ကုတ်မှာ မူဆလင် ၁၀ ဦး အသတ်ခံခဲ့ရာကနေ စတင်ခဲ့တာပါ။ မသီတာထွေးအမှု ကျူးလွန်သူ ၃ ဦးထဲက ၁ ဦးကတော့ ဖမ်းဆီးခံထားရစဉ်မှာတင် ကိုယ့်ကိုယ်ကို လုပ်ကြံပြီး သေဆုံးသွားတဲ့အတွက် ကျန် ၂ ဦး ကိုတော့ ကျောက်ဖြူမြို့နယ်တရားရုံးက ပြီးခဲ့တဲ့လကပဲ သေဒဏ်စီရင်ချက်ချခဲ့ပါတယ်။

XS
SM
MD
LG