သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် အရေးယူမှုများ ရုပ်သိမ်းရန် အာစီယံ တိုက်တွန်း


ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စံနစ်တကျ၊ မျှတစွာ၊ ထင်သာမြင်သာရှိရှိ၊ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တာကြောင့် အာစီယံအသင်းကြီးက အားရကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာစီယံ ထိပ်သီး ညီလာခံမှာလည်း အလှည့်ကျ ဥက္ကဋ္ဌ၊ ကမ္ဘောဒီယားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ် လည်းဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်သူ Hor Namhong က ဒီမိုကရေစီရေးကို ရှေ့ရှုပြီး ကြားဖြတ်ရွေးကောက်ပွဲကို အပြုသဘောကျင်းပခဲ့တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ထားတွေကို ရုပ်သိမ်းရေး စဉ်းစားပေးပါရန် တိုက်တွန်း လိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံကို တင်ပြထားပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့ အကြိမ် (၂၀) မြောက် အာစီယံ ထိပ်သီး ညီလာခံမှာ အာစီယံ ခေါင်းဆောင်တွေက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်တယ်လို့ ကမ္ဘောဒီးယားတာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။ ဒီ ကြားဖြတ် ရွေးကောက်ပွဲကနေ မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအဝိုင်းထဲ ပြန်လည် ဝင်ဆံ့အောင် တွန်းအားပေးသင့်တယ် လို့ အာစီယံခေါင်းဆောင်တွေက မှတ်ချက်ပြုကြပါတယ်။

ဒီ အာစီယံ ထိပ်သီး ညီလာခံကို တက်ရောက်လာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကို ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတ ပါရဲ့လားလို့ သတင်းထောက်တွေက မေးရာမှာ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်လို့ စကားပြန်ကတဆင့် ဖြေကြားခဲ့တဲ့အကြောင်း အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Netalegawa ကတော့ မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းရေး အာစီယံ ခေါင်းဆောင်တွေအားလုံးက ထောက်ခံကြဖို့ အခုလို အကြံပြုလိုက်ပါတယ်။

“မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချက်ချင်းရုပ်သိမ်းပေးကြဖို့ သေချာအောင် အလေးအနက်ထားရေး အခုချိန်မှာ ကျနော်တို့ စိတ်အားထက်သန်နေပါတယ်။ ဒီမိုကရေစီ အကျိုးအမြတ်အတွက် ပြုပြောင်းလဲရေး လုပ်ငန်းတွေ စတင် အကောင်အထည် ဖော်နေတာကို အသိအမှတ်ပြုတဲ့အနေနဲ့ အရေးတကြီး အလေးအနက်ထားရမယ့် အထိမ်းအမှတ် သင်္ကေတအဖြစ် ပိတ်ဆို့မှုရုပ်သိမ်းပေးဖို့ တိုက်တွန်းကြရမှာပါ။”

မြန်မာရဲ့ အနီးကပ်ဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ် ကလည်း မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးမှာ ပါဝင်နိုင်အောင် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ ချီးကျူးဂုဏ်ပြုလိုက်ကြောင်း သတင်းထောက်တွေ ကိုပြောပါတယ်။ ငြိမ်းချမ်းစွာ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့တာကို ရှင်းရှင်းလင်းလင်းတွေ့ခဲ့ရလို့ အာစီယံ အတွက် သိပ်ကောင်းတဲ့လက္ခဏာဖြစ်ကြောင်းနဲ့ မြန်မာ့ ဒီမိုကရေစီရေး အတွက် ထိုင်းနိုင်ငံကထောက်ခံ ပါကြောင်း ယင်လတ်ရှင်နာဝပ်က ပြောဆိုသွားပါတယ်။

အာစီယံထိပ်သီးညီလာခံကိုတက်ရောက်လာတဲ့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရသူ Cho Byung-Joe က မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲအပေါ် အခုလို မှတ်ချက်ချပါတယ်။

“ဒီကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အပြုသဘောဆောင်ပြီး အားတက်စရာကောင်းတဲ့ ဖြစ်ထွန်းမှု တရပ်ပါဘဲ။ အခု လတ်တလောဖြစ်စဉ်တွေကနေ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမြစ်တွယ်လာပြီး ပြုပြင် ပြောင်းလဲလာတာနဲ့အမျှ ပွင့်လင်းတဲ့ လူ့ဘောင်ကို ထူထောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။”

မြန်မာ့အရေးကို မျက်ခြေမပြတ်အကဲခတ်နေတဲ့ နိုင်ငံတကာအလွတ်သတင်းထောက် Larry Jagan က ဒီ အာစီယံ ထိပ်သီး ညီလာခံကို သတင်းယူရင်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အခုလို သုံးသပ်လိုက် ပါတယ်။

“အရင်တုန်းကဆိုရင် မြန်မာနိုင်ငံဟာ အတိုင်းအတာတချို့အထိတော့ အာစီယံအတွက် အရှက်ရစရာ အသင်းဝင်နိုင်ငံ အဖြစ် ရပ်တည်ခဲ့တာပါ။ အခုတော့ အောင်မြင်မှုတွေနဲ့ တောက်ပြောင် လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားဟာ၏ အာစီယံအတွက်ရော ဒေသ တွင်းနိုင်ငံတွေ အတွက်ပါ ကောင်းသတင်းဆောင်တဲ့ အနေအထား ရောက် လာပါပြီ။”

တချိန်တည်းမှာပဲ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ Catherine Ashton က ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပခဲ့တဲ့အတွက် မြန်မာနိုင်ငံကို ချီးကျူးဂုဏ်ပြုပါကြောင်းနဲ့ EU နိုင်ငံခြားရေးဝန်ကြီး တွေက မြန်မာ့ပြုပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ အပြု သဘောဆောင်တဲ့ လက္ခဏာတွေနဲ့ တုံ့ပြန်ကြလိမ့် မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒီနေ့ပြောဆိုလိုက် ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ကလည်း မြန်မာနိုင်ငံအနေနဲ့ သတ္တိရှိရှိ အပြောင်းအလဲ ဖော်ဆောင်နေတာကို တခြားနိုင်ငံတွေနဲ့အတူ အသိအမှတ်ပြုဖို့နဲ့ ဒီမိုကရေစီရေးကို ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တဲ့အကြောင်း သူ့ရဲ့ facebook မှာ ဖေါ်ပြထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်ခဲ့တဲ့ အတွက် ချီးကျူးလိုက်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နှစ်ဆတိုး ကြိုးပမ်းပါရန် မနေ့က တနင်္လာနေ့မှာ တိုက်တွန်းလိုက် ပါတယ်။

XS
SM
MD
LG