သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုအဖွဲ့အစည်းထဲက လူ့အခွင့်အရေးကော်မရှင်ကို ပယ်ဖျက်


မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတခုအဖြစ် ရပ်တည်ရမှာဖြစ်တာ ကြောင့် ဗဟိုအဖွဲ့အစည်းအဖြစ်ကနေ ပယ်ဖျက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ လွှတ်တော်အမတ်တွေ ဆွေးနွေးစဉ် - လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းတခုအဖြစ် တင်ပြထားတာကို တွေ့ရှိခဲ့တာကြောင့် ကန့်ကွက်ကြောင်း အဆိုကို လွှတ်တော် အမတ်တွေက တင်သွင်းခဲ့ကြတာ ပါ။ ဒါကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့မှာ အတည်ပြုလက်ခံခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပေးပါ ခင်ဗျာ။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်အမတ်တွေ ဆွေးနွေးနေကြတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ဒီကနေ့ သောကြာနေ့မှာပဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ဗဟိုအဖွဲ့အစည်း မဟုတ်ကြောင်းကို အတည်ပြု ကြေညာခဲ့တာပါ။ နိုင်ငံတော်သမ္မတရုံးအပါအဝင် ဗဟိုအဖွဲ့အစည်း ၁၃ ဖွဲ့အတွက် အသုံးစရိတ် တင်ပြထားမှု စာရင်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အတွက်လည်း ပါဝင်နေတာကြောင့် ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုအဖွဲ့ အစည်းတခု မဖြစ်နိုင်ကြောင်း ကန့်ကွက်ပြီး အသုံးစရိတ် ကျပ်ငွေ ၁၃၃ သန်း တင်ပြတောင်းခံမှုကို အတည်မပြုဖို့ ပြည်ထောင်စု လွှတ်တော် နာယကထံကို အမတ်တွေက အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ မြေပုံမြို့နယ် ပြည်သူလွှတ်တော် အမတ်တဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပြ ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၂ - စ) အရလည်းကောင်း၊ ပြည်ထောင်စုအစိုးရဥပဒေအရ လည်းကောင်း၊ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေနဲ့ ဗဟိုအဖွဲ့အစည်းတွေကို လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့သာ ဖွဲ့စည်းနိုင်တယ်။ ဒါကြောင့် ဒီလို နည်းလမ်းတကျမဟုတ်တဲ့ ဖွဲ့စည်းထားမှုဟာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွက် လွှတ်တော်မှာ ဘားဂျက် တင်ပြ တောင်းခံရန် မလိုအပ်ကြောင်း - လျာ ထားငွေကို ၁ဝဝ ရာခိုင်နှုန်းအပြည့် ရပ်ဆိုင်းထားသင့် ပါကြောင်းအဆိုကို တင်ပြခဲ့ပါတယ်။”

အစောပိုင်းမှာတော့ - ဒီအဆိုဟာ ဥပဒေကြောင်းအရ အငြင်းပွားစရာကိစ္စတခု ဖြစ်နေတာကြောင့်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် ဖွဲ့စည်းမှုဟာ ဖွဲ့စည်းပုံဥပဒေအရ မှန်ကန်မှု ရှိ - မရှိ စစ်ဆေးဖို့ ဥပဒေကြမ်းပူးပေါင်းကော်မတီကို ပြည်ထောင်စုနာယက က တာဝန်ပေးအပ်ခဲ့ပါတယ်။ မတ်လ ၁၆ ရက် သောကြာနေ့မှာ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီး ပြည်ထောင်စု နာယက က ဖတ်ကြားခဲ့ ပြခဲ့ကြောင်းလည်း အမတ် ဦးဖေသန်းက ဆက်ပြောပြပါတယ်။

“၂၁ ရက်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတော့ နာယက က ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ပြရာမှာ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက် အနှစ်ချုပ်ကတော့လေ - မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းသည့် ၅ ရက် ၉ လ ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပေမဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြပြီး သဘောထား ရယူခြင်း မရှိခဲ့တာကြောင့် ဥပဒေအရ ရပ်တည်ပိုင်ခွင့်မရှိဘူး။ အဲ့ဒီကော်မရှင်ဖွဲ့စည်းခြင်းဟာ ဥပဒေနဲ့ ညိညွတ်မှုမရှိကြောင်း သဘောထားမှတ်ချက်ပေးပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း အဲ့ဒီအချက်ကို လက်ခံ ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဗဟိုအဖွဲ့အစည်းကနေပြီးတော့ ဒီကနေ့ လွှတ်တော်က ပယ်ဖျက်လိုက်ပါတယ်။”

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ သဘောထားကို သိနိုင်ဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။ ဒီနှစ်ဆန်းပိုင်းကတော့ အီးယူ ဥရောပသမဂ္ဂကနေ မြန်မာ နိုင်ငံကို အကူအညီတွေ ပေးသွားဖို့ စီစဉ်ထားတဲ့အထဲမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်လည်း ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို စက်တင်ဘာလ ၅ ရက် ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီအဖွဲ့ထဲမှာ စစ်အစိုးရ အရာရှိဟောင်းတွေ ပါဝင်နေတာမို့ အစိုးရသြဇာက လွတ်လပ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ လွတ်လပ်မှုမရှိတဲ့အတွက် ပြည်သူတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာအောင် အားကိုးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။

တခါ ဒီ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ပတ်သက်လို့ပဲ လွှတ်တော် အမတ်တွေက ပြင်ဆင်ချက်အဆို တင်သွင်းပြီး အသုံးစရိတ် ဖြတ်တောက်ရာမှာ - မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့ စက်မှုလုပ်ငန်းစီမံကိန်းအတွက် ဘဏ္ဍာငွေ ချမပေးဘဲ ၁ဝဝ ရာခိုင်နှုန်း ရပ်ဆိုင်းဖို့ လွှတ်တော်တွင်း မဲအပြတ်အသတ်နဲ့ အတည်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတရုံး အထူး ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းတွေထဲက လုပ်ငန်းပမာဏ ၃၂ ရာခိုင်နှုန်းနီးပါး လျှော့ချဖို့၊ ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့ အပါအဝင် တခြား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ပတ်သက်လို့လည်း အသုံးစရိတ်ကို လွှတ်တော်က လျှော့ချခဲ့ပါတယ်။

ဒီလို ၂၁ ရက်ကြာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် မတ်လ ၁၆ ရက် သောကြာနေ့မှာပဲ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို လုံးဝ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း က ပြောပြခဲ့ပါ တယ်။ ဒ့ါအပြင် ဒီကနေ့ သောကြာနေ့ အစည်းအဝေးဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်ကို IPU ခေါ် နိုင်ငံတကာ ပါလီမန်ဆိုင်ရာသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေးကိုလည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG