မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နယူးဇီလန်နိုင်ငံခြားရေး ဝန်ကြီး မာရေး မက်ကာလီ (Murray McCully) ဟာ ဒီကနေ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာပြီးတဲ့နောက်ပိုင်း ပထမဆုံးလာရောက်တဲ့ နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် အတွင်း အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ချခဲ့ပါသလဲ ဆိုတဲ့ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်ခဲ့တဲ့ နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီး မာရေး မက်ကာလီ ကို မတ်လ ၇ ရက် ဗုဒ္ဓဟူးနေ့မနက်က သူမရဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့တာပါ။
ဧပြီလ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေအပေါ် နယူးဇီလန်က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး နယူးဇီးလန် နိုင်ငံခြားရေးဝန်ကြီး မာရေးမက်ကာလီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့ပါတယ်။
“ဖြစ်ပေါ်နေတဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကနေ လက်တွေ့ အကျိုးရလဒ်တွေကို လူထုက သေချာပေါက်ရနိုင်အောင် ကျနော်တို့ လုပ်ရပါလိမ့်မယ်။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နယူးဇီးလန်နိုင်ငံဟာ သူမ နှစ်သက်တဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်တယ်လို့ ရည်ညွှန်းရင်းနဲ့ အခုလို ပြောဆိုခဲ့ပါတယ်။
“ကျမတို့ နိုင်ငံဟာ သေးငယ်တဲ့ တိုင်းပြည်လေးတခု မဟုတ်သလိုဘဲ ကြီးမားတဲ့ နိုင်ငံတခုလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့မှာ ဖြေရှင်းရ မယ့် ပြဿနာတွေကတော့ အများကြီးကို ရှိနေပါတယ်။ ဒီမိုကရေစီ ထူထောင်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာ ကျမတို့ကို ကူညီဖို့အတွက် နယူးဇီးလန်က မိတ်ဆွေတွေက ပိုပြီး နားလည်မယ်ဆိုတာ သေချာပါတယ်။”
ဒါ့အပြင် မစ္စတာ မက်ကာလီဟာ အင်္ဂါနေ့က မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုအပေါ် မစ္စတာ မက်ကာလီ က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်သာမြင့် က ပြန်ပြောပြပါ တယ်။
“အစိုးရဘက်က ပုဂ္ဂိုလ်တွေနဲ့လည်း သူတွေ့ခဲ့တဲ့အကြောင်း ပြောပါတယ်။ သူ တွေ့ခဲ့တဲ့အထဲမှာတော့ အကုန်လုံးက ပြုပြင်ပြောင်းလဲမှု အတွက်ကို အကုန်လုံးက လိုချင်နေတယ်လို့ သူလည်း ယူဆတယ်ပေါ့နော်- အဲဒီလို ပြောပါတယ်။ နောက်ပြီးတော့မှ ကျနော်တို့ရဲ့ အခြေအနေပေါ့နော်- အခုလောလောဆယ်မှာ အရေးအကြီးဆုံးက ကြားဖြတ်ရွေးကောက်ပွဲဆိုတော့ အဲဒါနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ပြောဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ တွေ့ကြုံခဲ့ရတဲ့ဟာတွေကိုပဲ ပြန်ပြောတာပေါ့။ ပြန်ပြောတယ်ဆိုတာမှာ အဓိက ကတော့ မဲစာရင်းတွေမှာ မှားနေတဲ့ဟာတွေပေါ့နော်- ကျန်တာတွေကတော့ နောက်ပိုင်းကို နယူးဇီလန်အနေနဲ့၊ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့အခုဖြစ်နေတဲ့ ဒီမိုကရက်တစ် ထရန်စဖော်မေးရှင်း (Democratic Transformation) ပေါ့ဗျာ- အဲဒီဟာတခုလုံးကို ဘယ်လို ကူပေးနိုင်မလဲဆိုတာကို-ဒါကိုပဲ မေးတာပါ။”
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီဝင်တွေဟာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ အများက ယုံကြည်လက်ခံမှုပေးနိုင်မယ့် ပြီးတော့လည်း အနောက်အုပ်စုနိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားအောင် အထောက်အကူဖြစ်စေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ လွှတ်တော်နေရာ ၄၈ နေရာစလုံးကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ပြန်လည်ဆန်းစစ်တဲ့ နေရာမှာ အဓိက စမ်းသပ်ချက်လည်း ဖြစ်တယ်လို့ မြန်မာပြည်ကို လာရောက်ကြတဲ့ ခေါင်းဆောင်တွေက ပြောဆိုထားတာပါ။
စစ်တပ်က ခန့်အပ်ထားသူတွေနဲ့ ကျောထောက် နောက်ခံပေးထားသူတွေ လွှမ်းမိုးနေတဲ့ လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေ အောင်မြင်အောင် လုပ်နိုင်မှာလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
နယူးဇီလန်နဲ့ မြန်မာနိုင်ငံ ၂ နိုင်ငံကြား အပြန်အလှန် ဆက်ဆံမှုတွေ ရှိပေမဲ့လည်း နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိတဲ့ မြန်မာနိုင်ငံနဲ့ သံတမန်ရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုတွေကတော့ ကြီးကြီးမားမား မရှိပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံကို နိုင်ငံခြားရေး ဝန်ကြီးတဦးအနေနဲ့ မစ္စတာ မက်ကာလီ လာရောက်ခဲ့တာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒါ့အပြင် နယူးဇီးလန်နိုင်ငံမှာ ဝန်ကြီးဌာနအမှုထမ်း ၃ဝဝ လောက် အလုပ်ဖြုတ်ခံရတော့မယ့်အချိန်မှာ - မစ္စတာ မက်ကာလီရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်း ဒေါ်လာ ၂ သောင်း ၆ ထောင် ကုန်တဲ့ စင်းလုံးငှား လေယာဉ်ကို အသုံးပြုခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေ လည်း ရှိနေတာဖြစ်ပါတယ်ရှင်။