ကြားဖြတ်ရွေးကောက်ပွဲအတွက် မရမ်းကုန်းမြို့နယ်နဲ့ လှည်းကူးမြို့နယ်တွေကို ပါတီစည်းရုံးရေးခရီး ဒီကနေ့ သွားရောက်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က - လူထုတွေအနေနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့ - လစ်လပ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD အနိုင်ရဖို့အတွက် - NLD ကိုယ်စားလှယ်လောင်းတွေကို မဲပေးထောက်ခံကြဖို့ အတွက် တိုက်တွန်းပြောဆိုသွားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်းကတင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် မရမ်းကုန်းမြို့နယ် နဲ့ လှည်းကူးမြို့နယ်တွေကို နေ့ချင်းပြန်ခရီး ဒီကနေ့ သွားရောက်ခဲ့တာပါ။ မရမ်းကုန်းမြို့နယ်မှာတော့ - NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဖွင့်လှစ်ပေးခဲ့ပြီး - လူထုအနေနဲ့ - NLD ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့ - ကြားဖြတ်ရွေးကောက် ပွဲမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေ ၄၈ နေရာစလုံးကို NLD အနိုင်ရဖို့အတွက် မဲပေးကြဖို့ နဲ့ မရမ်းကုန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမေဝင်းမြင့်ကို မဲထည့်ကြဖို့အတွက် လူထုကို ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းသွားပါတယ်။
“အရည်အချင်းဆိုတာ ၂ ခု ရှိပါတယ်။ ပါတီအဖွဲ့အစည်းရဲ့ အရည်အချင်းနဲ့ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်း၊ ၂ ခုရှိပါတယ်။ ဘယ်ဟာ ပိုပြီးတော့ အရေးကြီးသလဲဆိုတော့ တကယ်တော့ ပါတီအဖွဲ့အစည်းရဲ့အရည်းအချင်းနဲ့ မူဝါဒတွေက ပိုပြီးတော့ အရေးကြီးပါတယ်။ ကျမတို့ရဲ့ မူဝါဒတွေအရ၊ ကျမတို့ရဲ့ ခံယူချက်တွေအရ၊ ကျမတို့ အနှစ် ၂၀ ကျော် ဖြတ်သန်းလာတဲ့ ခရီးအတွေ့အကြုံတွေအရ ကျမတို့ရဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ ရောက်လို့ရှိရင် ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ လူပုဂ္ဂိုလ်ကို ကြည့်တာထက် ကျမတို့အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ပြီးတော့ ဆုံးဖြတ်စေချင်ပါတယ်”
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုပြဿနာကို ဖြေရှင်းဖို့ဆိုရင် ချက်ချင်း လက်ငင်း လုပ်ဆောင်ရမယ့် အရာဟာ - အလုပ်လက်မဲ့ ပြဿနာဖြစ်ပြီး - ဒါကိုလည်း NLD ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်မှာကတည်းက ဖြေရှင်းပေးနေကြောင်း ပြောဆိုခဲ့ပါတယ်။
အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်က မွန်းလွဲပိုင်းမှာ လှည်းကူးမြို့ကို ဆက်လက်ထွက်ခွာခဲ့ပြီး လမ်းတလျှောက် ထောင်သောင်းချီတဲ့ လူထုတွေက ကြိုဆိုခဲ့ကြတာပါ။ လှည်းကူးမြို့နယ် အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကိုနားထောင်ဖို့ စောင့်ဆိုင်း နေကြတဲ့ လူအုပ်ကြီးကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
“အခု ကျမ လှည်းကူးမြို့ကို ရောက်လာတဲ့ အကြောင်းရင်းကတော့ အများသိတဲ့အတိုင်းပါပဲ။ ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စနဲ့ပတ်သက်လို့ စည်းရုံးရေးခရီးပဲ ဆိုကြပါစို့။ စည်းရုံးရေးခရီးဆိုတာဟာ ကျမတို့က စည်းရုံးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို နည်းနည်း နားလည်ဖို့ လိုပါတယ်။ စည်းရုံးတယ်ဆိုတာ တကယ်တော့ပြည်သူလူထုရဲ့ နှလုံးသားထဲကတင်မက ပြည်သူလူထုရဲ့ ဦးနှောက်နဲ့ပါ ဆုံးဖြတ်တဲ့ ထောက်ခံမှုကို လိုချင်တာကို ဆိုလိုတာပါ။ တကယ့်စည်းရုံးရေးဆိုတာ နှလုံးသားရဲ့ ထောက်ခံမှုလည်းပါရမယ်။ ဦးနှောက်ရဲ့ထောက်ခံမှုကိုလည်း ပါအောင် လုပ်ယူရမယ်။ ခံစားမှုတခုတည်းနဲ့တင် မဟုတ်ဘဲနဲ့ ချင့်ချိန်စဉ်းစားပြီးတော့ ထောက်ခံတာမျိုးက အများကြီး ပိုပြီးတော့ တန်ဖိုးရှိပါတယ်”
ဒါ့အပြင် လှည်းကူးမြို့နယ်ကနေ ဝင်ရောက်အရွေးခံမယ့် NLD ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကိုလည်း မဲပေးကြဖို့ လူထုကို တိုက်တွန်းခဲ့သလို - မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဟာ အင်မတန်အရေးကြီးတဲ့အကြောင်းကိုလည်း မနေ့က NLD ပါတီ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ကို ဥပမာပေး အခုလို ပြောခဲ့ပါသေးတယ်။
“မနေ့ကဆိုလို့ရှိရင် ကျမတို့ ဒီထဲက ပရိသတ်လည်း အများစု သိပြီး ဖြစ်ပါလိမ့်မယ်။ ဘောလုံးကွင်းကို သုံးခွင့်ပြုပြီးကာမှ သုံးပိုင်ခွင့်ကို ပြန်ပြီးတော့ ရုပ်သိမ်းပါတယ် ဆိုတာ ဖြစ်လာပါတယ်။ ဖြစ်လာတဲ့အခါကျတော့ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အရ ကျမတို့ရဲ့ အဖွဲ့ချုပ်တာဝန်ခံများဟာ ရွေးကောက်ပွဲကော်မရှင်ကို ဒီကိစ္စတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်ကလည်း မှန်မှန်ကန်ကန်ပဲ ဆုံးဖြတ်လိုက်တာဟာ မူလခွင့်ပြုချက်အတိုင်း ရရှိစေရမယ်။ ဒါကြောင့်မို့လို့ ဆက်ပြီးတော့ လုပ်စေရမယ်ဆိုတာနဲ့ အခု ကျမတို့ ဒီလို စုရုံးနိုင်တယ်။ အဲဒါ ဥပဒေစိုးမိုးရေးပဲ။ ဒါဟာ အသေးအဖွဲလေး ကိစ္စလေးတခုပါ။ ဒါပေမယ့် ဥပဒေစိုးမိုးရေးဟာ ငါတို့နဲ့ ဘာဆိုင်လဲလို့ စဉ်းစားတဲ့လူတွေ ချက်ခြင်းလက်ငင်း နားလည်အောင်လို့ ဒီလို ကိုယ့်ရဲ့ နိစ္စဓူဝ ဘဝမှာ ကိစ္စလေးတွေ အကြီးအငယ် အားလုံးဟာ ဥပဒေစိုးမိုးရေးအောက်မှာ ရှိနေပါတယ်။ ဒီနိုင်ငံပြည်သူလူထုအားလုံးက ဆွေးနွေးထားတာဟာ၊ ဆွေးနွေးသင့်တာဟာ တရားမျှတတဲ့ ဥပဒေတွေပဲဖြစ်တယ်။ အဲဒါကြောင့် ကျမတို့က တရားဥပဒေစိုးမိုးရေးအတွက် ကြိုးစားသွားမယ် ဆိုတာကို မနေ့က အဖြစ်အပျက်ကနေ ကျမတို့ လက်တွေ့ကျကျလုပ်နေပါတယ်ဆိုတကို တင်ပြချင်ပါတယ်”
NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးခွန်သာမြင့် ကတော့ - ဒီခရီးစဉ်ဟာလည်း အောင်မြင်တဲ့ ခရီးစဉ်တခုဖြစ်ကြောင်း - လာမယ့် သောကြာနေ့မှာလည်း ကျောက်ထော် နဲ့ ဖျာပုံမြို့တွေကို စည်းရုံးရေးခရီး ထွက်ခွာဖို့ရှိတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်ရှင်။