မြန်မာနိုင်ငံမှာ သမ္မတ - ဒုသမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ - မရှိ စိစစ်ရေး အဖွဲ့မှာ ပါဝင်ဖို့ အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေက ကိုယ်စားပြု ကိုယ်စားလှယ်တွေကို ဒီကနေ့ မှာ ရွေးချယ်ခဲ့ကြပါတယ်။ ဒီအဖွဲ့အနေနဲ့ အဆိုပြု တင်သွင်းလာတဲ့ သမ္မတလောင်းတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တွေနဲ့ ကိုက်ညီ မညီဆိုတာကို စိစစ်အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က စုံစမ်းတင်ပြထားပါတယ်။
အဖွဲ့ဝင် ၇ ဦး ပါဝင်မယ့် သမ္မတနဲ့ ဒုသမ္မတ အရည်အချင်း ပြည့်စုံမှု ရှိ မရှိ စိစစ်ရေးအဖွဲ့ မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်တဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်တဦးနဲ့ တပ်မတော်သား ကိုယ်စားပြု ကိုယ်စားလှယ်တဦးတို့ ပါရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စား ပြု ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးကို ရွေးချယ်ခဲ့ပြီး အမျိုးသားလွှတ်တော် ကတော့ အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ် အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဇော်မြင့်ဖေတို့ကို ကြာသာပတေးနေ့ က ရွေးချယ်ခဲ့ ပါတယ်။ ဒီလို ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ RNDP ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က အခုလို ပြောပြပါတယ်။
“နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေ ၂၆ အရ စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းရ မည်လို့ ပါတယ်ခင်ဗျ။ အဲဒီတော့ ပြည်သူ့လွှတ်တော်မှာ ဦးဌေးဦးကို သမ္မတများစိစစ်ရေးကော်မတီ အဖွဲ့ဝင်အဖြစ် ပြည်သူ့လွှတ်တော်ကနေ ရွေးချယ်လိုက်ပါတယ်။ မလှိုင်က ဦးအေးမောက်က အဆိုတင်သွင်း တယ်။ လယ်ဝေးက ဦးဌေးဝင်းက ထောက်ခံပြီးတော့ ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူပါတယ်။ ဦးဌေးဦးကို ပြည်သူ့လွှတ်တော် ရွေးကောက်ခံအစုအဖွဲ့ကနေပြီးတော့ သူ့ကို အဖွဲ့ဝင် အဖြစ် ထောက်ခံပေး လိုက်တယ်။ အမျိုးသား လွှတ်တော်မှာ ဆိုရင်တော့ ဦးဇော်မြင့်ဖေလို့ ကြားပါတယ်ခင်ဗျ။ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ကလည်း ၂ စုခွဲမှာပါ။ အမျိုးသားရယ်၊ ပြည်သူ့လွှတ်တယ်ရယ်ဆိုပြီးတော့ ၂ စုခွဲပြီး သူတို့ကလည်း တင်ပါလိမ့်မယ်။ အတိအကျတော့ မသိသေးပါဘူး။ ဦးဌေးဦးနဲ့ ဦးဇော်မြင့်ဖေ ၂ ယောက်ပဲ ကျနော်တို့ သိတယ်။”
တပ်မတော်သားကိုယ်စားပြု ကိုယ်စားလှယ်ကတော့ ဘယ်သူဖြစ်မယ်ဆိုတာ အတိအကျ ကြေညာခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီ သမ္မတနဲ့ ဒုသမ္မတ အရည်အချင်း ပြည့်စုံမှု ရှိ မရှိ စိစစ်ရေးအဖွဲ့အနေနဲ့ သမ္မတလောင်းတွေကို စိစစ်တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတများအခန်းမှာပါဝင်တဲ့ ပုဒ်မတွေနဲ့ အရည်အချင်း ကိုက်ညီမညီ စိစစ်ပြီးတော့ အတည်ပြုပေးရ မှာ ဖြစ်တယ်လို့ လည်း ဦးဖေသန်း က ဆက်ပြောပြပါတယ်။
“အဲဒါကတော့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတရွေးချယ်ရေးဆိုင်ရာအဖွဲ့ - အဲဒါက ဥပဒေအရ ဖွဲ့ပေးရမယ် လို့ ပါတယ်။ ဖွဲ့ပြီးရင်တော့ ဦးမြင့်ဆွေရဲ့ သမ္မတတစ်ယောက်ရဲ့ အရည်အချင်းရှိလား မရှိလားဆိုတာကို သူတို့ စစ်ဆေးမှာပေါ့နော်။ စစ်ဆေးပြီးလို့ အတည်ပြုချက်ရမှ သမ္မတဖြစ်လာမှာပေါ့။ အခြေခံဥပဒေမှာလည်း သမ္မတ တယောက်ရဲ့အရည်အချင်းပေါ့- အဲဒီမှာပါတဲ့ အချက်တွေနဲ့လည်း စစ်ဆေးမယ်လို့ ပြောပါတယ်။”
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ဖြစ်တဲ့ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတများအခန်းရဲ့ ပုဒ်မ ၅၉ အရဆိုရင် သမ္မတဖြစ်မည့်သူဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာရှိသူ၊ မြန်မာနိုင်ငံသား မိဘ ၂ ပါး ကနေ မွေးဖွားသူ၊ အသက် အနည်းဆုံး ၄၅ နှစ် ပြည့်ပြီးသူ၊ နိုင်ငံတော် အရေး အရာတွေ ဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်တွေ ရှိသူ၊ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ အချိန်အထိ အနည်းဆုံး အနှစ် ၂၀ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ပြီးသားဖြစ်သူ၊ ဒီနေရာမှာ ချွင်းချက် အဖြစ်နဲ့ ပြည်ပကို နိုင်ငံတော်တာဝန်နဲ့သွားသူဟာ မြန်မာ ပြည်မှာ နေထိုင်သူအဖြစ် သတ်မှတ်ရမယ်လို့ ပါရှိပါတယ်။ ပြီးတော့ သမ္မတအဖြစ် အမည်တင်သွင်းခံရသူကိုယ်တိုင် ဒါမှမဟုတ် သူ့မိသားစု ဝင်တွေ ဟာ နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံမဖြစ်ရဘူးလို့ ပါရှိတာပါ။ ပုဒ်မ ၆၀ မှာတော့ သမ္မတကို လွှတ်တော် ၂ ရပ်က ရွေးချယ်ရုံတင် မဟုတ်ဘဲ တပ်မတော်ကပါ လွှတ်တော်လိုမျိုး သမ္မတတဦးကို ရွေးချယ်နိုင် ခွင့် ပေး အပ် ထားတာဖြစ်ပါတယ်။ အခုလို ဒီသမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့ လုပ်ဆောင်နေ ချိန် ဟာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာ အစားထိုးဖို့ ဦးမြင့်ဆွေကို အမည်တင်သွင်း ထားတဲ့ အချိန်နဲ့ လည်း တိုက်ဆိုင်နေတာပါ။
မြန်မာ့တပ်မတော်မှာ အရေးပါတဲ့ စစ်ရာထူးကြီးတွေကို ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာလည်း ရန်ကုန် တိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် ပြည်ထောင်စုလွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲ့ က အမည်စာရင်းတင်သွင်းလိုက်ပြီလို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဝေလင်း က သတင်းဋ္ဌာနတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါကို လွှတ်တော်နှစ် ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် ရဲ့ အစည်းအဝေး ပြန်လည်ကျင်းပတဲ့အခါမှာ တရားဝင်ကြေညာဖွယ် ရှိပါတယ်။