အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြကြတာတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အလုပ် သမားရေး ဆောင်ရွက်သူတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်ဆွေးနွေး အကြံပြုခဲ့တာကို ပြည်ထောင်စုအလုပ်သမားဝန်ကြီး ဦးအောင်ကြည်က အသိအမှတ် ပြုလိုက်ပြီး အဲဒီဆွေးနွေးမှုနောက်ပိုင်း အလုပ်သမားအရေး ကိုင်တွယ်တဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေလာတာ တွေ့ရတယ်လို့လည်း ပြောလိုက်ပါတယ်။ (၁၀၁) ကြိမ်မြောက် ILO ကမ္ဘာ့အလုပ်သမား ညီလာခံတက်ရောက်နေတဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို ဂျနီဗာမြို့မှာရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှာ သီးခြားတွေ့ဆုံမေးမြန်းထားပါတယ်။
ဦးအောင်ကြည်။ ။ ဒီနေရာမှာ ကျနော် အသိအမှတ်ပြု ပြောချင်တာက ဘာလဲဆိုတော့ ဒီကို လာခါနီး ၃ ရက်နေ့မှာ ရန်ကုန်မှာ Multi-Lateral Talk သဘောမျိုး Tallks လေးတခု လုပ်လိုက်ပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတွေ အကုန်လုံးပါကြတယ်။ အလုပ်သမားရေးလှုပ်ရှားတဲ့ ပုဂ္ဂိုလ်တွေရော၊ အလုပ်သမားကိုယ်စားလှယ်တွေရော၊ အလုပ်ရှင်ကိုယ်စားလှယ်တွေရော၊ နိုင်ငံရေးပါတီတွေရော၊ လွှတ်တော်ကိုယ်စားလှယ် တွေရော၊ အစိုးရဝန်ကြီးတွေရော- ဒီပြဿနာကို စဉ်းစားတဲ့အထဲမှာ အချက်တချက်ပါတာပေါ့။ တကယ့် တကယ် သူ့ရဲ့ခေါင်းစဉ်ကတော့ CMP လုပ်ငန်းနဲ့ ပတ်သက်တာပေါ့။ မြန်မာနိုင်ငံမှာတော့ စက်ရုံအလုပ်ရုံတွေအများစုက CMP ပဲ ဖြစ်နေသေးတာကို။ အဲဒီတော့ CMP လုပ်ငန်းနဲ့ပတ်သက်ပြီး ကျနော်တို့ စဉ်းစားရင်းနဲ့ ဒီ အလုပ်ရှင်၊ အလုပ်သမားပြဿနာတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာ စဉ်းစားရင်းနဲ့ ကျနော်တို့ အဲဒီမှာ connection လေးတစ်ခု ရခဲ့တယ်။
အထူးသဖြင့် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ရော၊ အလုပ်သမားရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ရော၊ ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ရော- တယောက်နဲ့တယောက် နားလည်မှုလေး ရခဲ့တယ်။ အလုပ်သမားဝန်ကြီးဌာန ဘာတွေလုပ်နေတယ် ဆိုတာလည်း အဲဒီအချိန်ကျတော့ သိလာတယ်လေ။ အပြန်အလှန် အမြင်ချင်း ဖလှယ်လာနိုင်တဲ့အတွက်ကြောင့် တယောက်နဲ့တယောက် နားလည်မှု ရရှိလာပြီးတော့ အဲဒီနောက်ပိုင်းမှာ ဖြေရှင်းရတာ ပိုပြီးတော့ လွယ်လာတာ တွေ့ရပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ ဒေါ်အောင်ဆန်းစုကြည် မနက်တုန်းက ပြောသွားတာလည်း ကြားလိုက်ပါတယ်။ အလုပ်သမားဥပဒေတွေက ခေတ်နဲ့ မလျော်ညီတော့ဘူး။ အနိမ့်ဆုံးလစာ သတ်မှတ်ချက်က အစပေါ့လေ။ ခေတ်နဲ့ မဆီလျော်တော့ဘူးလို့ ပြောတယ်လေ။ အဲဒီ လူမှုဖူလုံရေး အက်ဥပဒေလိုမျိုးပဲ တခြား အလုပ်သမားဥပဒေတွေကို ပြင်ဆင်တာ ရှိပါသေးလား။
ဦးအောင်ကြည်။ ။ ရှိပါတယ်။ ကျနော်တို့ Labour Organization Law က အသစ် ထွက် လာပြီ။ နောက် - Trade Dispute Settlement Law ထွက်လာပြီ။ တနှစ်အတွင်းမှာ ဥပဒေ ၂ ခုပေါ့။ Social Security Law ပါဆို ၃ ခု ပြောရမှာပဲ။ အဲဒီတော့ ဝန်ကြီးဌာန တခုတည်းက ဥပဒေသုံးခု- ဥပဒေ တခု တခု ပြုစုရတာ တော်တော်ခက်ပါတယ်။ တော်တော်လေးလည်း တိုင်ပင်ရတယ်။ ဆွေးနွေးရတယ်။ ကျနော်ထင်ပါတယ်- အကြိမ်ပေါင်းကို ရာနဲ့ချီပြီးတော့မှ ဆွေးနွေးရတယ်၊ ပြုစုရတယ်။ ပြင်ဆင်ရ တယ်။ အထောက်အထားတွေ ရှာရတယ်။ တနှစ်အတွင်းမှာ ဥပဒေ ၃ ခု ရေးဆွဲနိုင်ခဲ့တယ်လို့ ဒီလိုပဲ ပြောရမှာပဲ။ အဲဒီတော့ ကျနော်တို့ ဆက်ပြီး လုပ်သွားပါမယ်။ အခုဆိုရင် လာမယ့် လွှတ်တော်မှာ ဥပဒေ ၃ ခု တင်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီထဲမှာ ခုနတုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြား သွားတဲ့ Minimum Wages Act လည်း တခု အပါအဝင် ဖြစ်ပါတယ်။
ဟိုတုန်းက ရှိခဲ့တဲ့ Minimum Wages Act က တော်တော်လေး ခေတ်မမီတော့ပါဘူး။ နောက်တခုက တကယ်တန်း လက်တွေ့လုပ်ဖို့ကလည်း တော်တော်လေး ခဲယဉ်းနေပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော် တို့က ဒီ Minimum Wages Act နဲ့ ပတ်သက်ပြီးတော့ အသစ်ပြန်ရေးဆွဲရတာ ဖြစ်ပါတယ်။ အသစ်ပြန်ရေးဆွဲတဲ့အခါကျတော့ နိုင်ငံတကာအဆင့်လည်း မီဖို့လိုတယ်။ International Norms တွေနဲ့ ညီမညီပေါ့လေ- ဒါလေးတွေ ပြန်ပြီးတော့-
ဒီမှာဆိုတော့- ရင်းရင်းနှီးနှီးနဲ့ပေါ့လေ- တယောက်နဲ့တယောက် ဒီလိုပဲ တချီတည်းတင် အလုပ်ပြတ်သွား တယ်။ ဒီပုဂ္ဂိုလ်ကြီးတွေကို ဗမာပြည် ပြန်ဖိတ်ပြီးတော့မှ ဆွေးနွေးရမယ်ဆိုရင် အချိန်လည်းကြာမယ်၊ ကုန်ကျစရိတ်တွေလည်းများမယ်။ ဒါနဲ့ ကျနော် ၁၃ ရက်နေ့အထိကို ILO ကိစ္စတွေ အပြတ်လုပ်တယ်။ ၁၄ ရက်မှာ ဒါကို ဇောက်ချပြီးတော့ ကျနော် လုပ်တာပါ။ အများကြီး အလုပ်ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ ဝန်ကြီးအနေနဲ့ ဆက်ဆံရေးဝန်ကြီး အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကြားမှာ ညှိနှိုင်းဆက်သွယ်ဆောင်ရွက် ပေးခဲ့တာတွေရှိပါတယ်။ အခုလို မျိုး မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေး ဖြစ်လာတာ ဝန်ကြီးအနေနဲ့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကရော အကျိုးသက်ရောက်မှု ရှိပါလားရှင့်။
ဦးအောင်ကြည်။ ။ အကျိုးသက်ရောက်မှု ရှိပါသလားဆိုရင်တော့ အားဖြည့်ပေးရာတော့ ကျလိမ့်မယ်လို့ ကျနော်က ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Reformation Strategy ကတော့ နဂိုရ်ကတည်းက ရှိပြီးသားပါ။ ဒါပေမဲ့ ကျနော်တို့က cooperation and cooperation ပေါ့လေ။ ဒီပုံစံမျိုးလေးနဲ့ ကျနော်တို့က နိုင်ငံရေးပါတီတွေအားလုံးနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ သွားကြတဲ့အခါကျတော့ ဒီ မူလရှိပြီးသားဖြစ်တဲ့ Reformation Strategy ကို ပိုပြီးတော့ အားကောင်းစေတာပေါ့။