သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းမဖက်နည်းနဲ့ အပြောင်းအလဲလုပ်နိုင်ကြောင်း မြန်မာ သာဓကပြ


ကမ္ဘာတဝှမ်းလုံး ငြိမ်းချမ်းရေးအတွက် လူငယ်တွေအနေနဲ့ အကြမ်းမဖက်တဲ့နည်းကို သုံးပြီး ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဟူးနေ့ကပဲ ပြီးဆုံးသွားတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များရဲ့ ၁၂ ကြိမ်မြောက် ကမ္ဘာ့ညီလာခံက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေကို ဥပမာပြပြီးတော့ အကြမ်းမဖက်တဲ့နည်းနဲ့ သိသာတဲ့အပြောင်းအလဲတွေကို လုပ်နိုင်ပါတယ်ဆိုတာကို နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်တွေက ပြောခဲ့ကြတဲ့အကြောင်း အပြည့်အစုံကိုတော့ မဆုမြတ်မွန်က တင်ပြပေးထားပါတယ်။

--- ဒီနေ့ ကမ္ဘာ့ညီလာခံကြီးကို မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယိုကနေ တဆင့် ပြောခဲ့တာဖြစ်ပါတယ်။ ရှီကာဂိုမြို့မှာ ဧပြီလ ၂၃ ကနေ ၂၅ အထိ လုပ်ခဲ့တဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်များရဲ့ ညီလာခံကို ၁၉၉၁ ခုနှစ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လူကိုယ်တိုင် မတက်နိုင်ခဲ့ပေမယ့် သူ့ရဲ့အကြောင်းကတော့ ညီလာခံတက်ခဲ့ကြသူတိုင်းရဲ့ခေါင်းထဲမှာ ရှိနေခဲ့တာပါ။ ညီလာခံ အတွင်းမှာ World Peace and Non-Violent, Never Give Up ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ အကြမ်းမဖက်ခြင်း၊ ဘယ်တော့မှာ အလျှော့မပေးနဲ့လို့ ဗမာလို အဓိပ္ပာယ်ရတဲ့ ဆွေးနွေးပွဲ လုပ်ခဲ့တာမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ တရားမမျှတမှုတွေကို အမြဲထောက်ပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေး ပြောခဲ့ကြပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဂျူဒီ၊ ဝီလျံစ် က -

"ဒီမိုကရေစီရေးအတွက် သူ့ရဲ့ ရဲရဲဝံ့ဝံ့ရပ်တည်မှု၊ အကြမ်းမဖက် ကြိုးပမ်းမှုတွေကြောင့် သူ့နိုင်ငံမှာ ဖြစ်လာတဲ့ ပြောင်းလဲမှုတွေကိုပဲ ကြည့်ကြပါရှင်။"

မဟုတ်တာကို လက်မခံကြဖို့အတွက် လူတွေမှာ သတ္တိရှိရမယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ညီလာခံကို ပေးပို့တဲ့ ဗွီဒီယိုသတင်းမှာ သတင်းစကား ပါးထားပါတယ်။

"ဒီကိစ္စကို သည်းမခံနိုင်ဘူးဆိုတာကို လူတွေအနေနဲ့ ရဲရဲပြောရဲတဲ့ သတ္တိရှိရပါမယ်။"

ပြောတဲ့အတိုင်းလည်း လုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိလာတဲ့အပေါ်မှာ ဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း ဝမ်းသာစကား ဆိုခဲ့ပါတယ်။

"ဘုန်းကြီးတို့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါနိုင်တဲ့အကြောင်း ခဏ ခဏ ပြောခဲ့ဖူးပါတယ်။ အခုတော့ သူလည်း လွတ်မြောက်လာခဲ့ပါပြီ။ မြန်မာနိုင်ငံက အခြေအနေတွေလည်း တော်တော်လေး တိုးတက်လာပါပြီ။"

တိဘက်ဒေသမှာ အဓိပ္ပာယ်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိအောင် အကြမ်းမဖက်နည်းနဲ့ ကြိုးပမ်းမှုအပေါ်မှာ တရုတ်ပြည်သူတွေရဲ့ ထောက်ခံမှုကို ရလာပြီဆိုတာကိုလည်း ပြောခဲ့ပါတယ်။

"ဘုန်းကြီးတို့ ချဉ်းကပ်တဲ့နည်းက ပထမ လုံးဝ အကြမ်းမဖက်တဲ့နည်း၊ ဒုတိယနည်းက အလယ်အလတ် လမ်းစဉ်၊ မစ္ဇျိမ ပဋိပဋာနည်းလမ်း၊ ဒီလိုနည်းလမ်းတွေကြောင့် ဘုန်းကြီးတို့အပေါ် တရုတ်နိုင်ငံက ပြည်သူ အများအပြား ထောက်ခံလာကြတယ်လို့ ခံစားရပါတယ်။ ဒါဟာ အကောင်းဘက်ကိုသွားတဲ့ ထူးခြားတဲ့ ရလဒ် တခုလည်း ဖြစ်တယ်လို့ ဘုန်းကြီးထင်ပါတယ်။"

နှစ်စဉ်ကျင်းပတဲ့ညီလာခံမှာ လူတယောက်တည်းကနေ အပြောင်းအလဲတွေဖြစ်အောင် ဘယ်လို လုပ်နိုင် သလဲဆိုတာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေက အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ လူမှု အသိုင်းအဝိုင်းထဲမှာ လူငယ်တွေရဲ့ ပါဝင်မှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း အလေးထား ပြောခဲ့ကြပါတယ်။ စစ်ပွဲတွေနဲ့ စစ်ဝါဒဟာ လူသားတွေကို တကယ့်လုံခြုံမှု ရရှိအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း ၂၀၁၂ ခုနှစ် ကမ္ဘာ့ညီလာခံ ကြေညာချက်ထဲမှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေက ဖော်ပြခဲ့ကြပါတယ်။

ဒီကနေ့ ကမ္ဘာမှာရှိနေတဲ့ အဓိက စိန်ခေါ်မှုကြီးတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမှာလဲဆိုတာ လူငယ်တွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မေးခွန်းထုတ်ကြဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG