သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မှု မြန်မာ အာဆီယံ ဥက္ကဋ္ဌနေရာအတွက် အရေးပါ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအတွင်းရေးမှူးချုပ ်ဆူရင်းပစ်ဆူဝဲန် (Surin PItsuwan) တို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၂။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအတွင်းရေးမှူးချုပ ်ဆူရင်းပစ်ဆူဝဲန် (Surin PItsuwan) တို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၂။

မြန်မာအစိုးရရဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေအားလုံးဟာ လာမယ့် ၂ဝ၁၄ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌနေရာ ရယူဖို့အတွက် အရေးပါတဲ့ ပြင်ဆင်မှုတရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ် က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အများက ဖြစ်စေချင်သလို လွတ်လပ်ပြီး တရားမျှတမှု ရှိခဲ့မယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာအစိုးရရဲ့ တောင်းဆိုချက်တိုင်းကို အခုလိုပဲ ဖြည့်စွမ်းပေးမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီး ၁ နှစ်အကြာမှာ ပြုပြင်ပြောင်းလဲမှုနဲ့ တိုးတက်မှု တော်တော်များများ မြင်တွေ့ခဲ့ရပြီး - ဒါတွေအားလုံးဟာ လာမယ့် ၂ဝ၁၄ ခုနှစ်ကျရင် မြန်မာနိုင်ငံက ရယူမယ့် အာဆီယံဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်မှုဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် က ဒီကနေ့ ပြောဆိုခဲ့တာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဆူရင်း ပစ်ဆူဝမ်တို့ ဒီမနက် တွေ့ဆုံခဲ့ကြပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲအတွင်း - မစ္စတာ ဆူရင်းက သူ - သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံတဲ့အချိန် တင်ပြခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာ အကဲဖြတ်တွေနဲ့ ပြည်တွင်းပြည်ပ သတင်းသမားတွေ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရေးကိစ္စနဲ့ပတ်သက်ပြီးတော့ သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ကျနော်တို့ အကြောင်းအရာ တော်တော်များများ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိရမယ်။ ပွင့်လင်း မြင်သာရမယ်။ နိုင်ငံတကာက ယုံကြည်လက်ခံနိုင်ရမယ်ဆိုတာပါ။ ဒါကလည်း လာမယ့် ၂ဝ၁၄ အာဆီယံဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်မှုတွေပါပဲ။

ပြီးတော့ ကျနော် တင်ပြခဲ့တဲ့ - ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကလို ရွေးကောက်ပွဲအကဲခတ်တွေ လာရောက်ကြည့်ရှုနိုင်ရေး၊ ပြည်ပက သတင်းထောက်တွေ လွတ်လွတ်လပ်လပ် ဝင်ရောက် သတင်းယူနိုင်ခွင့် ဒါတွေနဲ့ပတ်သက်လို့လည်း သမ္မတက လေးလေးနက်နက် စဉ်းစားမယ့်အကြောင်း ကျနော့်ကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်တော့ ဆုံးဖြတ်မလဲဆိုတာတော့ ကျနော် မသိပါဘူး။ ဒီလို သတင်းထောက်တွေ လာရောက်ဖို့ ဆိုတာ အင်မတန်ကို အရေးကြီးပါတယ်။ ဒီလို လုပ်ဆောင်မှသာ ရွေးကောက်ပွဲဟာ လွတ်လပ်တရား မျှတမှုရှိမယ်ဆိုတာ အာမခံချက်ရှိနိုင်မှာပါ။”

သမ္မတ ဦးသိန်းစိန်ရဲ့ တုံ့ပြန်မှုကို နိုင်ငံရေးပါတီတွေကတော့ ကြိုဆိုခဲ့ကြတာပါ။ ဒါ့အပြင် မစ္စတာ ဆူရင်းပစ်ဆူဝမ်က ဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက် တရက်တည်းကိုသာ အာဆီယံက စောင့်ကြည့်နေမှာ မဟုတ်ဘဲ ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို စောင့်ကြည့်နေမှာဖြစ်တယ်လို့လည်း အခုလို ဆက်ပြောခဲ့ပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် တရက်တည်းကိုပဲ ကျနော်တို့ စောင့်ကြည့်နေမှာ မဟုတ်ပါဘူး။ ဒီကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်မှုရှိရဲ့လား၊ တရားမျှတရဲ့လား၊ ပွင့်လင်းရဲ့လား၊ နိုင်ငံရေးပါတီအားလုံးအနေနဲ့ မဲဆွယ် စည်းရုံးမှုတွေကိုရော တန်းတူညီမျှ လုပ်ဆောင်နိုင်ရဲ့လားဆိုတဲ့ ဒီမိုကရေစီနည်းလမ်းတကျ လုပ်သွားမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို စောင့်ကြည့်နေမှာဖြစ်ပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ - မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးနဲ့ပတ်သက်ပြီး အခုလို ဆိုခဲ့ပါတယ်။

“EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ကိစ္စ ကြားဖြတ် ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေတာ၊ ဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အချိန်ကျမှ ရုပ်သိမ်းသင့် - မသင့် ဆုံးဖြတ်မယ့်ကိစ္စကို ကျမ နားလည်ပါတယ်။ အဲ့ဒီအချိန်ကျရင် တဖြည်းဖြည်းချင်း စပြီး ရုပ်သိမ်းသွားမယ် ဆိုတာကိုလည်း ကျမ လက်ခံသဘောတူပါတယ်။”

မစ္စတာ ဆူရင်းပစ်ဆူဝမ်ကတော့ - အာဆီယံကရော နိုင်ငံတကာကပါ ဒီရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေမှာဖြစ်ပြီး - အများက ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေမျိုးဖြစ်ခဲ့မယ်ဆိုရင် မြန်မာအစိုးရဘက်က တောင်းဆိုတာမှန်သမျှ အာဆီယံအနေနဲ့ ချက်ချင်း တုန့်ပြန်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတာပါ။

သူက နေပြည်တော်မှာ အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တာပါ။

ဒါ့အပြင် ဧရာဝတီတိုင်း ဖျာပုံဘက်ကို သွားရောက်ဖို့ရှိပြီး အဲဒီမှာ အာဆီယံက ကူညီဆောင်ရွက်ပေးနေတဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေနဲ့ နာဂစ်ကယ်ဆယ်နေရာချထားရေးအစီအမံတွေကို သွားရောက် စစ်ဆေးမှာဖြစ်ပါတယ်။

XS
SM
MD
LG