အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA တို့ကို မြန်မာ အစိုးရက မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။
မြန်မာအစိုးရကို ဆယ်စုနှစ် ၆ ခုကျော်ကြာ လက်နက်ကိုင်တိုက်ခိုက်လာခဲ့တဲ့ သက်တမ်းအရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကို မတရားအသင်းကနေ ပယ်ဖျက်ပေးတဲ့အကြောင်း ဒီကနေ့မှာပဲ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA တို့ကိုလည်း အကြမ်းသမားများ အဖြစ်ကနေရော မတရားအသင်းအဖြစ်ကနေပါ မြန်မာ အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။
ဒီလ ၁၅ ရက်နေ့မှာ နေပြည်တော်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးကြမယ့် အချိန်မှာပဲ အခု သမိုင်းဝင်ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ချင်းအမျိုးသားတပ်ဦးCNF၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တို့ ကိုတော့ အခု မတရားအသင်း၊ အကြမ်းဖက်သမားအဖြစ်ကနေ ပယ်ဖျက်တဲ့ကြေညာချက်မှာ မပါဝင် သေးပါဘူး။ နေပြည်တော်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေးနဲ့ နောက်လုပ်ငန်းစဉ်တို့မှာ နိုင်ငံရေးပါတီတွေ ပါဝင်လာတဲ့အခါ မတရားသင်းတွေနဲ့ ဆက်သွယ်မှုနဲ့ လက်ရှိ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းမယ့်အရေးအပေါ် ထောက်ပြပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာ အစိုးရဘက်က လက်နက်ကိုင်တပ်ဖွဲ့တချို့ကို မတရားသင်းအဖြစ်နဲ့ အကြမ်းဖက်သမားတွေအဖြစ်ကနေ ပယ်ဖျက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။