ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ထိရောက်မှုရှိ (ဝန်ကြီးဘလင်ကန်)
{{Zawgyi/Unicode}}
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် နေ့စဉ်နဲ့အမျှ ပေးဆပ်နေရတဲ့ ရုရှားဟာ ယူကရိန်းအပေါ် ကျုးကျော်စစ် အရှိန်မြှင့်ဖို့ လက်နက်တွေ ဖြည့်တင်းရေး ပိုမိုခက်ခဲလာနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္ဂနွေနေ့ က ပြောပါတယ်။
အမေရိကန် နဲ့ မဟာမိတ်တွေရဲ့ ကုန်သွယ်ရေး ထိန်းချုပ်မှုကြောင့် ရုရှားအနေနဲ့ လက်နက်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ပြည်ပကနေ တင်သွင်းလို့ မရနိုင်တော့ဘူးလို့ သူကပြောပါတယ်။ အဲဒီအတွက် ယူကရိန်းတပ်ဖွဲ့တွေ ရဲ့တန်ပြန်ထိုးစစ်ကြောင့် စွန့်လွှတ်ခဲ့ရတဲ့ လက်နက်တွေ၊ စစ်ပွဲမှာ ပျက်စီးသွားတဲ့ လက်နက်တွေ နေရာကို အစားထိုးဖို့ အခက်အခဲရှိလာတယ်လို့လည်း သူက ပြောပါတယ်။
ရုရှားအနေနဲ့ နေ့စဉ်နေ့တိုင်း အကုန်အကျတွေ များပြားပြီး ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရကြောင်းလည်း CNN ရုပ်သံသတင်းဌာန ရဲ့ State of the Union Show အစီအစဉ်မှာ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။
ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မကြာသေးခင်က စစ်တမ်းအရ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံတွင်းမှာ လူထုထောက်ခံမှုတွေဟာ ကျဆင်းနေတယ်လို့ ပြောဆိုပါတယ်။ ရုရှားအစိုးရက စုဆောင်းထားတဲ့ အချက်အလက်တွေအရ ယူကရိန်း ကျူးကျော်စစ်အပေါ် အရင် ပြီးခဲ့တဲ့ ဧပြီလက ၈ဝ ရာခိုင်နှုန်း ထောက်ခံခဲ့ရာကနေ အခုအခါမှာတော့ ၂၅ ရာခိုင်နှုန်းလောက်ပဲ ထောက်ခံကြပြီး ၅၅ ရာခိုင်နှုန်းက ငြိမ်းချမ်းရေးဆွေးနွေးးကြဖို့ လိုလားနေကြကြောင်း ရုရှား လွတ်လပ်တဲ့ မီဒီယာတခုမှာ ဖော်ပြထားတာကို ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ကိုးကားထားတာဖြစ်ပါတယ်။
{{Zawgyi/Unicode}}