သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အပါအဝင် ကမ ္ဘာ့ အာဏာသိမ်း ကူးစက်ရောဂါကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ် (ကုလအတွင်းရေးမှူးချုပ်)


(Zawgyi / Unicode)


မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံတချို့မှာ အာဏာသိမ်းတဲ့လုပ်ရပ်တွေဟာ ကူးစက်ရောဂါလို ပျံ့နှံ့လာနေတာကြောင့် လုံခြုံရေးကောင်စီက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ တွေ့ရသလို၊ အာဖရိကနိုင်ငံတွေမှာလည်း အာဏာသိမ်းတဲ့ လုပ်ရပ်တွေ တွေ့နေရပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲမှာ ဗွီအိုအေရဲ့ မေးခွန်းကို ဖြေကြားသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရတာ အပါအဝင် နိုင်ငံရေး အကျပ်အတည်းတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ထိထိရောက်ရောက် မဖြေရှင်းနိုင်တာကိုလည်း အတွင်းရေးမှူးချုပ်က အလေးထား ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံအပြင် အာဖရိကတိုက်က ဆူဒန်နိုင်ငံမှာလည်း ဒီတပတ်ထဲ စစ်တပ်က အာဏာသိမ်းခဲ့သလို၊ ဒီမတိုင်ခင်မှာ မာလီနဲ့ ဂီနိုင်ငံတွေမှာ အာဏာသိမ်းမှုတွေ ပေါ်ပေါက်ခဲ့သလို တခြားနိုင်ငံတွေမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေလည်း ရှိခဲ့တာပါ။ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ စစ်ရေးအရ အရေးယူတာတွေ လုပ်ပိုင်ခွင့်ရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ မာလီနိုင်ငံက စစ်အာဏာသိမ်းမှုကိုတော့ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ကူးစက်ရောဂါလို ပျံ့နှံ့လာနေတဲ့ အာဏာသိမ်းမှုတွေကို လုံခြုံရေးကောင်စီကနေ ထိထိရောက်ရောက် ဟန့်တားနိုင်အောင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။







(Unicode)

XS
SM
MD
LG