အမေရိကန်ပြည်ထောင်စုမှာ Super Bowl လို့လူသိကြတဲ့ NFL အမေရိကန် အမျိုးသားဘောလုံး အဖွဲ့ချုပ်ဖလား ဗိုလ်လုပွဲကို ဒေသစံတော်ချိန် တနင်္ဂနွေနေ့ညမှာပဲ ဂျော်ဂျီယာပြည်နယ် Atlanta မြို့ ကစားကွင်းမှာ ကျင်းပနေပြီဖြစ်ပါတယ်။
ဒီနှစ်မှာတော့ New England Patriots အသင်းနဲ့ Los Angeles Rams အသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။ အားကစားရေး ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Patriots အသင်းက ၈ မှတ်အသာနဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းနေကြပြီး၊ အဲဒီအသင်းထဲက (ကွာတာဘက်မှာ ကစားတဲ့) Tom Brady ရဲ့အစွမ်းအစကို ပရိသတ်တွေ စောင့်ကြည့်ကြမှာပါ။ Patriots အသင်းဟာ ဒီတကြိမ်ပါနဲ့ဆို ဗိုလ်လုပွဲ တက်လာတာ ၁၁ ကြိမ်ရှိသွား ပါပြီ၊ မနှစ်တုန်းက ဗိုလ်လုပွဲမှာ Philadelphia Eagles အသင်းကိုရှုံးပီး ဒုတိယသာ ရခဲ့ပါတယ်။ L.A Rams အသင်းကတော့ ဗိုလ်လုပွဲ တက်တာ ဒါပါနဲ့ဆို ၄ ကြိမ်ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် Super Bowl ဗိုလ်လုပွဲမှာ Rams အသင်းဟာ Patriots ကိုရှုံးနိမ့်ခဲ့ပါတယ်။
တကယ်လို့ L.A Rams ကနိုင်ခဲ့ရင် အသက်အငယ်ဆုံး နည်းပြအုပ်ချုပ်တဲ့ အသင်းက နိုင်တာဖြစ်ပြီး ၊ New England က နိုင်ခဲ့ရင် အသက်အကြီးဆုံး နည်းပြအုပ်ချုပ်တဲ့ အသင်းက နိုင်တာမျိုး ဖြစ်ပါတယ်။ ဒီနေ့ကိုတော့ အမေရိကန်မှာ Super Bowl Sunday လို့လည်း ခေါ်ကြပါတယ်။ အိမ်တွေမှာ မိသားစုအလိုက် ပီဇာလို အစားအသောက်တွေနဲ့ ဖျော်ရည်တွေ မှာစားရင် မိသားစုအပန်းဖြေကြတဲ့ နေ့လည်း ဖြစ်ပါတယ်။