သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်ထောင်စုကို ပြင်ဆင်ခြင်း


အစိုးရ ရုံးစိုက်သည့် ဝါရှင်တန်ဒီစီ အမျိုးသားရင်ပြင်မြင်ကွင်း
အစိုးရ ရုံးစိုက်သည့် ဝါရှင်တန်ဒီစီ အမျိုးသားရင်ပြင်မြင်ကွင်း

အမေရိကန် လွတ်လပ်ရေး ကြေညာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မွေးနေ့ဖြစ်တဲ့ ဂျူလိုင်လ (၄) ရက်နေ့မှာ နှစ်စဉ် အခမ်းအနားတွေ အမျိုးသား မော်ကွန်းတိုက်၊ မှတ်တမ်း ဌာနတွေက ကမကထလုပ် ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ အုပ်ချုပ်ပုံ စည်းမျဉ်းဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ အဆိုပြုချက်တွေအကြောင်း ခင်းကျင်း ပြသဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်ပြည်ထောင်စုကို ပြင်ဆင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြသမယ့် ဒီပြပွဲနဲ့ ပတ်သက်ပြီး မှတ်တမ်းထိမ်းသိမ်းရေးဌာန ဝန်ထမ်းတဦးနဲ့ တွေ့ဆုံ မေးမြန်းထားတဲ့ VOA သတင်းထောက် Nikoleta Ilic ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြည်သူလူထုရဲ့ အခွင့်အရေး ဆိုတာ မွေးရာပါဖြစ်ပြီး အစိုးရက ပေးတာမဟုတ်ဘူး၊ အစိုးရရဲ့ အခွင့် အရေးကိုသာ ပြည်သူတွေက ပြဌားန်းတာ ဆိုတဲ့အချက်ကို ခြုံငုံ ဖေါ်ပြထားတာပါ။ တခြား ဘယ်နေရာမှာနဲ့မှ မတူဘဲ ပထမဆုံး ပေါ်လာခဲ့တဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။

အစိုးရ ဆိုတာလည်း လိုအပ်ချက်ရှိနေတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီလူတွေက တခြား မပြည့်စုံတဲ့၊ အားနည်းချက်ရှိတဲ့ သူတွေအပေါ် အုပ်ချုပ်တာဖြစ်တာကြောင့် အာဏာ လုပ်ပိုင်ခွင့်ကို အကန့်အသတ် ထားရမယ်လို့ အမေရိကန် ပြည်ထောင်စုကို တည်ထောင်သူတွေက ယုံကြည်ပါတယ်။ ဒီလုပ်ပိုင်ခွင့် အာဏာ လက်ခံချင်တဲ့ သူတွေကိုပဲ ဖွဲ့စည်းပုံက အစိုးရ တာဝန်အပ်နှင်းတာဖြစ်ပါတယ်။ စာမျက်နှာ ၈ မျက်နှာ ပါတဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အဆိုပြုတဲ့ အကြိမ်အရေအတွက် သမိုင်းကြောင်းတလျှောက် မနည်းဘူးလို့ National Archives မှတ်တမ်းထိမ်း ဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ Christine Blackerby က ပြောပါတယ်။

"လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ဖို့ အဆိုပြုချက် တသောင်း တထောင်လောက် ရှိခဲ့ပါတယ်။ အောက်လွှတ်တော်မှာဖြစ်ဖြစ် အထက်လွှတ်တော်မှာ ဖြစ်ဖြစ် လွှတ်တော်အမတ် တယောက်က ပြန်လည်ပြင်ဆင်ဖို့ အဆိုပြု တင်ခဲ့တာတွေပါ။"

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သက်ဝင်ခဲ့တဲ့ ၁၇၈၉ ခုနှစ်ကတည်းက ပြင်ဆင်ရေး ကြိုးပမ်း တာတွေလည်း ရှိလာခဲ့တာပါ။ The Bill of Rights လို့ခေါ်တဲ့ လူတွေရဲ့ အခွင့်အရေးကို အာမခံဖို့ အစိုးရရဲ့အာဏာကို ကန့်သတ်တဲ့ အချက် ၁၀ ချက်ပါ ပထမဆုံး ပြင်ဆင်ချက်တွေကို ၁၇၉၁ ခုနှစ်မှာ ချမှတ်ခဲ့ပါတယ်။ Christine Blackberby က အခုလို ရှင်းပြပါတယ်။

"ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဖြစ်လာတဲ့ အဓိကတွေးခေါ်တဲ့ အချက်ကြီး သုံးခု ရှိပါတယ်။ ပြင်ဆင်ချက် ၂၇ ချက်ထဲက အများစုဖြစ်တဲ့ ၁၇ ချက်ကို ကြည့်ရင် လူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို တိုးပေးဖို့ ပြင်ဆင်ခဲ့ကြတာပါ။ မဲပေးခွင့် အခွင့်အရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နဲ့ နောက် တခြား အခွင့်အရေးတွေပါ။"

အစိုးရရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို စည်းကမ်းသတ်မှတ်ဖို့ ကိစ္စကိုလည်း အဓိက အကြောင်းအရာ တခုအဖြစ် ဆက်ပြီး စဉ်းစားလာခဲ့ကြလို့ Blackerby က ပြောပါတယ်။

" ဒီမှာ၊ ဥပမာအနေနဲ့ သမ္မတရဲ့ အုပ်ချုပ်ခွင့်ကို သက်တမ်း နှစ်ကြိမ်ပဲ ကျမတို့ ခွင်ပြုတာမျိုးပါ "

သမ္မတကို ထီဖွင့်သလို မဲနိုက် ရွေးချယ်မယ်၊ သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖျက်သိမ်းမယ်၊ လက်ထပ်ခွင့်ကို စည်းမျဉ်းဘယ်လို သတ်မှတ်မယ်။ ရွှေ့ပြောင်းပျံသန်းတဲ့ ငှက်တွေကိစ္စ၊ အရက်သေစာကိစ္စ၊ စသဖြင့် တင်ပြလာတဲ့ တခြားပြင်ဆင်ရေး အဆိုပြုချက်တွေလည်း ရှိပါတယ်။

များသောအားဖြင့် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုတွေ ကြုံရတဲ့ အချိန်တွေမှာ ဖွဲ့စည်းပုံ ပြောင်းလဲရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေလည်း အရှိန်မြင့် လာခဲ့ပါတယ်။

ပြန်လည်ပြင်ဆင်ရေး အဆိုပြုချက် အများအပြားဟာ လွှတ်တော်က ချမှတ်လိုက်တဲ့ တန်းတူရေး အခွင့်အရေးအတွက် ပြင်ဆင်ချက်တွေနဲ့ ဆက်နွယ်နေပါတယ်။ ဒါပေမဲ့ ပြည်နယ်တိုင်းက သဘောတူချမှတ်တဲ့ ပြင်ဆင်ချက်တွေတော့ မဟုတ်ပါဘူး။

အဲဒီလို ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းပေးဖို့ အဆိုပြုချက် တသောင်း တထောင်လောက် ရှိပေမဲ့ နောက်ပိုင်းမှာ အဲဒီ ပြင်ဆင်ရေး အဆိုပြုချက်တွေ အထ မမြောက်ခဲ့တဲ့ အကြောင်းလည်း Blackberby က ပြောပါတယ်။

" ပြင်ဆင်ချက်ကို ပြည်နယ်တွေရဲ့ သုံးပုံတပုံက သဘောတူ လိုက်နာဖို့ လိုပါတယ်။ တန်းတူရေး အခွင့်အရေးအတွက် ပြင်ဆင်ချက်ကို လွှတ်တော်က သုံးပုံ နှစ်ပုံ မဲနဲ့ အတည်ပြုပေမယ့်၊ ပြည်နယ်တွေက သဘောတူ လိုက်နာတာမျိုး မရှိတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပြင်ဆင်ချက် တရားဝင် ဖြစ်မလာခဲ့ပါဘူး"

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ ခက်ခဲတယ်ဆိုတာ သမိုင်းက သက်သေပြခဲ့ ပါတယ်။ ဒီလို ခက်ခဲတာက ကောင်းတဲ့ကိစ္စလို့ Blackerby က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အစောပိုင်း မျိုးဆက်တွေက သူတို့ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကာကွယ်ဖို့၊ အစိုးရကို ကန့်သတ်ဖို့ ကတိကဝတ်ထား ဆောင်ရွက်ခဲ့ကြ ပါတယ်။ တချိန်တည်းမှာ အနာဂတ် မျိုးဆက်တွေရဲ့ လွတ်လပ်ခွင့်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ မျက်ခြေမပြတ် စောင့်ကြည့်ရမယ်လို့လည်း သတိပေးခဲ့ကြပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG