သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးတောမီးကြောင့် အမေဇုံအမြဲစိမ်းသစ်တော တည်ရှိရေး ခြိမ်းခြောက်ခံရ


ဘရာဇီးနိုင်ငံမှာ အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အမေဇုံသစ်တော ဆက်လက်ရပ်တည်နိုင်ရေးကို ခြိမ်းခြောက် လာနေပြီဖြစ်ကြောင်း နိုင်ငံတကာ သစ်တောထိန်းသိမ်းရေးအဖွဲ့ အကြီးအကဲက သတိပေးလိုက်ပါတယ်။

အမေဇုံသစ်တောမှာ မီးလောင်ကျွမ်းမှုဟာ အထူးအရေးပေါ် အခြေအနေ အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သစ်တော ထိန်းသိမ်းရေး အဖွဲ့ (ITTO) အမှုဆောင် ဒါရိုက်တာ Gerhard Dieterle က ဒီကနေ့ပဲ သတိပေးလိုက်တာပါ။

စစ်လေယာဉ်တွေ၊ တပ်ဖွဲ့ဝင်တွေ အကူအညီနဲ့ မီးငြိမ်းသတ်ဖို့ ကြိုးပမ်းနေပေမဲ့ မီးလောင်မှုပေါင်း ၈၂,၀၀၀ ကျော်အထိ ရှိနေတာကြောင့် အမေဇုံသစ်တော တည်ရှိမှုအတွက် စိုးရိမ်ရတဲ့ အဆင့်ကိုရောက်လာနေကြောင်း AFP သတင်းဌာနကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တောမီးငြိမ်းသတ်ရေးအတွက် ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ (G-7) အဖွဲ့က အကူအညီတွေကို တောင်းဆိုချက်တခုနဲ့အတူ လက်ခံမယ့်အကြောင်း ဘရာဇီးသမ္မတ Jair Bolsonaro ကပြောဆိုလိုက်ပြီး နောက်တနေ့မှာပဲ အခုလို သတိပေးချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဘရာဇီးသမ္မတကတော့ ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ သူ့အပေါ် မှတ်ချက်ပေး ပြောဆိုမှုဟာ စော်ကားရာရောက်တယ်ဆိုပြီး ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပြီး၊ တောင်းဆိုချက်ကို လက်ခံမယ်ဆိုရင် အကူအညီတွေကို လက်ခံမယ့်အကြောင်း ပြောဆိုခဲ့တာပါ။

ပြင်သစ်သမ္မတကတော့ ဘရာဇီးသမ္မတ အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရိုးသားမှုနဲ့ သန္နိဌာန် ခိုင်ခိုင်မာမာ ရှိရဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့တာပါ။ အမေဇုံ တောမီးကို ငြိမ်းသတ်ရေး ဘရာဇီးသမ္မတ အနေနဲ့ အလေးအနက်ထား မကြိုးပမ်းခဲ့ရင် တောင်အမေရိက နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ (EU) ကြား လွတ်လပ်စွာ ကုန်သွယ်မှုတွေကို တားမြစ်ဖို့အထိလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြင်သစ်သမ္မတက ခြိမ်းခြောက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG