အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းမှာ ဒီကနေ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး လူ ၅၀ ဒဏ်ရာရခဲ့ပါတယ်။
မွတ်စလင်တို့ရဲ့ အိဒ် ပွဲတော် ကာလမှာ ယာယီ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ ကာလ အတွင်း မနေ့တုန်းကလည်း အဲဒီ ဒေသမှာဘဲ အစိုးရ တပ်ဖွဲ့ဝင်တွေနဲ့ တာလီဘန် သူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့ တိုက်ခိုက်မှု ကတော့ နန်ဂါဟာ ပြည်နယ် မြို့တော် ဂျလာလာဘတ်က အစိုးရ ရုံးတွေရှိရာ မြို့လယ်မှာ ဖြစ်ပါတယ်။ မူစလင်တို့ရဲ့ ရာမာဒန် ဥပုသ်လ အဆုံးသတ် အဖြစ် လုပ်တဲ့ အိဒ်ပွဲတော်ကာလ နောက်ဆုံးနေ့ကို အစိုးရ တပ်ဖွဲ့ဝင်တွေနဲ့ တာလီဘန် သူပုန်တွေ အတူ ဆင်နွှဲနေကြတာပါ။ ဘယ်သူ့လက်ချက် ဆိုတာကိုတော့ မသိရသေးပါဘူး။
မနေ့ စနေနေ့တုန်းက ဂျလာလာဘဒ် မြို့ အစွန်က တိုက်ခိုက်မှု အတွင်း အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ရတဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကိုတော့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က သူတို့လက်ချက် ဖြစ်တယ်လို့ ပြောဆိုပါတယ်။ သေဆုံးဒဏ်ရာရခဲ့သူတွေထဲမှာတော့ အာဖဂန် လုံခြုံရေး အဖွဲ့ဝင်တွေ၊ တာလီဘန် တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။