အာရှဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်လာဖို့အတွက် နှစ်စဉ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ အထိ ငါးနှစ်စီမံကိန်းနဲ့ ချေးငွေချပေးသွားမယ်လို့ ADB ဥက္ကဌ Takehiko Nakao က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ADB ဥက္ကဌဟာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်နိုင်ဖို့အတွက် အခြေခံအဆောက်အအုံတွေ တိုးတက်ဖို့လိုအပ်တာကြောင့် ဒီကဏ္ဍတွေမှာ ကူညီတာဖြစ်တယ် လို့လည်း ပြောပါတယ်။ သူ့ရဲ့ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။
မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်လာဖို့အတွက် လာမယ့် ၂၀၁၇ ခုနှစ်ကနေစပြီးတော့ နှစ်စဉ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ အထိ တိုးမြှင့် ချပေးသွားဖို့ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ဥက္ကဌ Takehiko Nakao က ပြောဆိုလိုက်ပါတယ်။ ချေးငွေတွေကို စွမ်းအင်နဲ့ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍတွေမှာ အဓိကထားပြီး အသုံးပြုမယ်လို့ အခုလို ပြောဆိုလိုက်ပါတယ်။
“၂၀၁၇ ခုနှစ်ကစပြီး ချေးငွေတွေ တိုးမြှင့်ချပေးသွားဖို့ တာဝန်ရှိသူတွေနဲ့လည်း ကျွန်တော်တို့ ပြောဆိုပြီးပါပြီ။ နှစ်စဉ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ကနေ သန်း ၃၅၀ အထိ ငါးနှစ်ကြာ ထုတ်ချေးသွားမှာပါ။ ဒီချေးငွေတွေကို ကဏ္ဍတော်တော်များများမှာ အသုံးချသွားမှာပါ။ အဓိကအားဖြင့်တော့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ စွမ်းအင်နဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေမှာ အသုံးပြုသွားပါမယ်။”
သူ့ရဲ့ ခရီးစဉ်အပြီး ဒီနေ့ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ သတင်းထောက်တွေ နဲ့ တွေ့ဆုံပြီးပြောဆိုခဲ့တာပါ။
ဒုတိယ ဦးစားပေးအနေနဲ့ အလယ်တန်းပညာအဆင့်နဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေမှာ ကူညီထောက်ပံ့သွားမှာဖြစ်ပြီး စိုက်ပျိုးရေး နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွေမှာလည်း ခွဲဝေထောက်ပံ့သွားမယ်လို့ ဥက္ကဌ Nakao က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးတွေ လုပ်ကိုင်ဖို့အတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်တွေရှိနေသေးတာကြောင့် ADB အနေနဲ့ ဒီစီမံကိန်းနဲ့ ကူညီတာဖြစ်တယ်လို့လည်း ဥက္ကဌ Nakao က အခုလို ပြောပါတယ်။
“နိုင်ငံတကာကူးသန်းရောင်းဝယ်ရေးလုပ်ဖို့အတွက် ပြည်တွင်း၊ပြည်ပ စက်ရုံတွေ၊ ကုမ္ပဏီတွေ ရောက်လာပါလိမ့်မယ်။ စီးပွားရေးသမားတွေကတော့ မြန်မာနိုင်ငံမှာ ကူးသန်းရောင်းဝယ်လုပ်ချင်နေကြပေမယ့် စွမ်းအင်နဲ့ ဆက်သွယ်ရေးပိုင်းမှာ လိုအပ်ချက်တွေရှိနေပါသေးတယ်။ ဒါနဲ့ ပတ်သက်လို့ ကူညီထောက်ပံ့ဖို့ စီမံကိန်းတွေရှိပါတယ်။”
အတိုးနှုန်းသက်သက်သာသာနဲ့ ငွေကြေးအမြောက်အမြားကို ချေးငွေချပေးပေမယ့်လည်း မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုကင်းအောင် စနစ်တကျဆောင်ရွက်မှာဖြစ်ပြီး လိုအပ်ရင် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်လို့လည်း ဥက္ကဌ Nakao က ပြောပါတယ်။
“ဖြစ်နိုင်ခြေရှိတဲ့ အကျင့်ပျက်ခြစားမှုတွေကို သေချာစုံစမ်းစစ်ဆေးဖို့အတွက် တင်းကြပ်တဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ရှိပါတယ်။ တချို့နိုင်ငံတွေမှာလည်း နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေကို အလွဲသုံးစားမပြုလုပ်နိုင်အောင် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ကြသလို ကျွန်တော်တို့မှာလည်း အလွဲသုံးစားမှုကို ရှောင်ရှားနိုင်အောင် စနစ်တကျကာကွယ်ဖို့ နည်းလမ်းတွေရှိပါတယ်။ လက်ရှိ မြန်မာအစိုးရကလည်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်နေတယ်ဆိုတာလည်း သိရတော့ လိုအပ်ရင် ပူးပေါင်းပါဝင်ဖို့ အသင့်ပါပဲ။”
မြန်မာနိုင်ငံကို ၂ ရက်တာရောက်ရှိနေတဲ့ ADB ဥက္ကဌ Nakao ဟာ ဇွန်လ ၁၄ ရက်နေ့မှာတော့ သမ္မတဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေး ဝန်ကြီးဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍတွေမှာ လိုအပ်တဲ့ ကူညီမှုတွေ ပေးနိုင်ဖို့ အတွက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်ဇင်မောင်တို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။