သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သံရုံးရှေ့ ဆန္ဒပြသူတွေကို ထောင်ဒဏ် အပြစ်ချ


ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဒေါ်နော်အုန်းလှ တို့ အပါအဝင် တက်ကြွလှုပ်ရှားသူ ခြောက်ဦး ထောင်ဒဏ် လေးနှစ် လေးလ စီ ကျ။ သတင်းဓာတ်ပုံ-ရှေ့နေဦးရောဘတ်စန်းအောင်။
ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဒေါ်နော်အုန်းလှ တို့ အပါအဝင် တက်ကြွလှုပ်ရှားသူ ခြောက်ဦး ထောင်ဒဏ် လေးနှစ် လေးလ စီ ကျ။ သတင်းဓာတ်ပုံ-ရှေ့နေဦးရောဘတ်စန်းအောင်။

လက်ပံတောင်းတောင် အရေးနဲ့ ပတ်သတ်ပြီး တရုတ် သံရုံးရှေ့ ဆန္ဒ ထုတ်ဖော်ခဲ့လို့ တရားစွဲဆိုခံ ထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဒေါ်နော်အုန်းလှ တို့အပါအဝင် တက်ကြွ လှုပ်ရှားသူ ခြောက်ဦးကို ထောင်ဒဏ် လေးနှစ် လေးလ စီ ကျခံစေဖို့ ဒဂုံမြို့နယ် တရားရုံးက ဒီကနေ့ မေလ (၁၅) ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ တက်ကြွ လှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ လာမယ့်ရွေးကောက်ပွဲ ကာလ တရားမျှတမှု အတွက် မေးခွန်းထုတ်စရာဖြစ်လာနိုင်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက စွပ်စွဲလိုက်ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင် သတင်းယူခဲ့တဲ့ ကိုစည်သူကပြောပြပေးမှာပါ။

လက်ပံတောင်းတောင် တကျော့ပြန် ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်း သေဆုံးတဲ့ အမှုမှန်ဖော်ထုတ်ပေးရေး ပြီးခဲ့တဲ့ ၂၀၁၄ ဒီဇင်ဘာလကုန်ပိုင်းမှာ တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ ဒေါ်နော်အုန်းလှ တို့အပါအဝင် တက်ကြွလှုပ်ရှားသူခြောက်ဦးကို ပုဒ်မ (၄) ခုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် (၄)နှစ် (၄)လ စီ ကျခံစေခဲ့တာပါ။

အမှုရဲ့ဖြစ်စဉ်အကြောင်းကို တရားခံခြောက်ဦးဘက်က လိုက်လံဆောင်ရွက်ပေးနေ တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရော်ဘတ်စန်းအောင်က အခုလိုပြောပါတယ်။

"ဒဂုံမြို့နယ်တရားရုံးက ပုဒ်မ ၃၅၃ အတွက် (၁) နှစ် ၁၄၇ အတွက် (၁) နှစ် ၅၀၅ (ခ) အတွက် (၂)နှစ်ဆိုပြီးတော့ (၄)နှစ်ချတယ်။ နောက်တခါ သီးခြားအားဖြင့် ပုဒ်မ ၁၈ အရစွဲဆိုတဲ့အမှုမှာ (၄)လ ချတယ်။ အဲဒါတွေကို သီးခြားစီ ကျခံစေလို့ ဆုံးဖြတ်လိုက်တယ်။"

ထောင်ဒဏ်လေးနှစ်မှာ (၁)နှစ်ကိုတော့ အလုပ်နဲ့ ထောင်ဒဏ်ကျခံစေဖို့ စီရင်ချက်မှာ ပါရှိတယ်လို့ ရှေ့နေ ဦးရော်ဘတ်စန်းအောင် က ပြောပါတယ်။ ပြစ်ဒဏ် ကျခံရသူတွေအနေနဲ့ အယူခံဝင်ခွင့်ရှိပေမယ့် တရားခံတွေရဲ့ ဆန္ဒနဲ့ အယူခံ မဝင်တော့ဘူးလို့ တရားခံရှေ့နေကပြောပါတယ်။

အခုလို တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ လာမယ့်ရွေးကောက်ပွဲရဲ့တရားမျှတမှုကို မေးခွန်းထုတ်စရာဖြစ်လာလိမ့်မယ်လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

"ရွေးကောက်ပွဲနီးလာတဲ့အခါမှာ အစိုးရဘက်က ဉာဏ်နီ ဉာဏ်နက် ဉာဏ်ရောင်စုံမျိုးစုံနဲ့ လုပ်ဖို့ပြင်ထားတဲ့အတွက်ကြောင့်သာလျှင် အခုလိုမျိုး တက်ကြွလှုပ်ရှားသူတွေကို ရရာ ကြုံရာ လမ်းဘေးကတွေ့သမျှ ပုဒ်မတွေ ဖမ်းတပ်ပြီးတော့ မတန်မရာ အမိန့်တွေချ ဖမ်းဆီးဖို့ကြိုးစားနေတယ်။ ဆက်လက်ပြီးတော့ ဖမ်းဆီးမှုတွေ ခြိမ်းချောက် မှုတွေ နှောင့်ယှက်မှုတွေ နဲ့ ထောက်လှမ်းရေးတွေရဲ့ ကွန်ယက်ကို ဖြန့်ကျက်ပြီးတော့ ဖိနှိပ်မှုတွေ စောင့်ကြည့်မှုတွေ ဆက်လုပ်လာတယ်ဆိုတော့ကာ ၂၀၁၅ ရွေးကောက်ပွဲ အတွက်ကို ၂၀၁၀ ကဲ့သို့ မရမရှိ ငါ့တပည့် အာဏာ ဆက်လက်ရယူဖို့ နည်းမျိုးစုံသုံးရန် ကြိုးစားနေတယ်လို့ ကျနော်ပြောချင်တယ်။

အမိန့်ချမှတ်တဲ့ ဒဂုံမြို့နယ်တရားရုံးအတွင်း တရားခံတွေကို ရုံးထုတ်စဉ်မှာ လာရောက်အားပေးသူတွေနဲ့ များပြားတာကြောင့် ရဲတပ်ဖွဲ့က တရားရုံး ပရဝဏ် အတွင်း လုံခြံရေးစည်း အဝါရောင်ကြိုးတွေနဲ့ ဟန့်တားပြီး လုံခြုံရေးယူခဲ့ ပါတယ်။ ဒါပေမယ့် တရားခံတွေအနေနဲ့ကတော့ လွတ်လပ်တဲ့ တရားခွင် အဖြစ်ရှုမြင်တဲ့ အနေနဲ့ အဝါရောင် ကြိုးရဲ့ လုံခြုံရေးစည်းတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုကြရင်း အနည်းငယ် ရုန်းရင်းဆန်ခတ် အခြေအနေဖြစ်ပေါ်ခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူတွေကို အခုလိုထောင်ဒဏ် အပြစ်ပေးတာ ဟာ နိုင်ငံရေးနယ်ပယ် အတွင်း ယုံကြည်မှု တည်ဆောက်ရာမှာ ကြီးမားတဲ့ အဟန့်အတားတွေဖြစ်လာစေနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုဘသက်အောင်က ပြောပါတယ်။ လည်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

"နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကို ဒီလိုမျိုး အကြောင်းရှာတယ်ပေါ့ အကြောင်း ရှာပြီးတော့ ထောင်တွေ ချနေခြင်းဟာလည်း ဒီမိုကရေစီစနစ်နဲ့ သွားနေတယ်ဆိုတဲ့ အစိုးရရဲ့ လုပ်ရပ်ကို ထိခိုက်စေ တယ်ပေါ့နော်။ နောက် တခုက နိုင်ငံတကာနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို လျော့ကျစေတယ်"

ပြစ်ဒဏ်ချခံခဲ့ရတဲ့ ဒေါ်နော်အုန်းလှ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဦးသန်းဆွေ၊ ဒေါ်လေးလေးနဲ့ ဒေါ်စိန်ထွေးတို့ဟာ တရုတ်သံရုံးရှေ့ဆန္ဒပြခဲ့စဉ်က အစိုးရကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်တာ၊ လူစုခွဲဖို့ ငြင်းဆန်ခဲ့တာ၊ လွမ်းသူ့ပန်းခွေချတာ၊ နိုင်ငံတော်သီချင်း သီဆိုခဲ့တာတွေအတွက် ရုန်းရင်းဆန်ခတ်မှု ပုဒ်မ (၁၄၇) ၊ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းကို ကိုယ်ထိ လက်ရောက် ကျူးလွန်မှု ပုဒ်မ (၃၅၃) နှင့် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ(၅၀၅) (ခ) တို့အပြင် ပုဒ်မ ၁၈ ဖြင့်ပါ စွဲချက်တင် ထားခြင်းဖြစ်ပြီး ပြစ်မှု (၄)မှုနဲ့ စွပ်စွဲခဲ့ပြီး တရားရင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG