သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းပြဿနာ အပေါ် အာဆီယံရဲ့ ကွဲလွဲတဲ့ တုံ့ပြန်ချက်


CAMBODIA-ASEAN/MYANMAR
CAMBODIA-ASEAN/MYANMAR

ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်စစ်နဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေထဲ ကွဲပြားတဲ့ တုံ့ပြန်ချက်တွေရှိနေတာဟာ အဖွဲ့အပေါ် ယုံကြည်မှုနဲ့ တရားဝင်မှုကို ထိခိုက်စေကြောင်း အာဆီယံအရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ရုရှားအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူခဲ့တဲ့ စင်္ကာပူနိုင်ငံကလွဲလို့ အာဆီယံနိုင်ငံအများစုရဲ့ တုံ့ပြန်ချက်တွေ ငြိမ်သက်နေတာ ဘာကြောင့်လဲ။ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ။
မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က စတင်ခဲ့တဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ဟာ အခုဆိုရင် ၁၈ ရက်မြောက် ဖြစ်လာပါပြီ။ ယူကရိန်းဘက်ကလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့ မတ်လ ၃ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံက ကန့်ကွက်တဲ့ အထူးအရေးပေါ် ဆုံးဖြတ်ချက်မှာ မဲပေးခဲ့ကြတဲ့ အာဆီယံနိုင်ငံတွေရဲ့ ရပ်တည်ချက်ကို ကြည့်ရင် ကွဲပြားနေတာကို တွေ့ကြရပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံကတော့ တုံ့ပြန်မှု နှစ်ပိုင်းတွေ့ရပါတယ်။ ရုရှားကျူးကျော်စစ် စတင်တဲ့ နေ့မှာပဲ သူတို့အနေနဲ့ ရုရှားကို ထောက်ခံကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို အခုလို ပြောကြားခဲ့ပါတယ်။

“နံပါတ် ၁ ကတော့ ဒီကိစ္စကတော့ ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့ချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာကိုပြသခြင်းမြင်ပါတယ်။”

ဒါပေမယ့် လက်ရှိကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မတ်လ ၃ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၁၄၀ က ထောက်ခံခဲ့တဲ့ ရုရှားကျူးကျော်စစ်ကို ကန့်ကွက်တဲ့ ဆုံးဖြတ်ချက် အစည်းအဝေးကို ပူးတွဲခေါ်ယူခဲ့သူတဦးဖြစ်ခဲ့သလို မိန့်ခွန်းလည်း ပြောကြားခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့ ရုရှားရဲ့ ကျူးကျော်စစ်ကို ကန့်ကွက်ထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အာဆီယံသံအမတ် ဦးဘိုလှတင့်က မြန်မာပြည်သူတွေကိုယ်စား သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရုရှားကို ကန့်ကွက်ခဲ့တာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ် ဆုံးဖြတ်ချက်အတွက် ဗီယက်နမ်နဲ့ လာအိုစ် နှစ်နိုင်ငံလုံးက မဲမပေးဘဲ နေခဲ့ပါတယ်။ အခုလို ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်မှာ အာဆီယံနိုင်ငံတွေရဲ့ တုံ့ပြန်ချက် ကွဲပြားတာဟာ အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ ALTSEAN တည်ထောင်သူ Debbie Stothard ကဗွီအိုအေကို ပြောပါတယ်။

"ဘာကြောင့်လဲဆိုတော့ အာဆီယံဟာ အစဉ်အလာအားဖြင့် အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဆိုတဲ့ အကြောင်းပြချက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေကိုတောင် ထိတွေ့ဖြေရှင်းတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုလို ရုရှားကျူးကျော်စစ်မျိုး ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ ပြင်းထန်တဲ့ ကိစ္စမျိုးကို တချို့အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား အပြင် ထိုင်း နိုင်ငံတောင် ပါပါတယ် ဘာမှကို ထူးထူးခြားခြား ထုတ်ဖေါ်ပြောဆိုတာမျိုးမလုပ်ကြပါဘူး။ ဒါနဲ့ ပတ်သက်လို့ လူအများ ထင်မြင်ချက်ပေးနေကြတာက ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားတွေလို နိုင်ငံတွေဟာ သူတို့ကိုယ် သူတို့ ပူတင်နဲ့ တသားတည်းလို့ မြင်နေကြပြီး အင်အားကြီးတဲ့ ဗလာဒီမာ ပူတင်လိုမျိုးဖြစ်ဖို့ ဆန္ဒရှိနေကြပြီး သူ့လမ်းစဉ်ကိုလည်း သဘောကျနေကြတာပါ။

ဒါပေမယ့် မမေ့သင့်တဲ့အချက်ဟာ ရုရှားမှာ ဗလာဒီမာပူတင်ဟာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ သတင်းမီဒီယာတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွက်နေတာပါ။ ပူတင်လုပ်ရပ်တွေနဲ့ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်က အာဏာရှင်တွေ လုပ်ရပ်အတူတူပါပဲ။ ဒါကြောင့်လည်း ဗလာဒီမာ ပူတင်အနေနဲ့ ယူကရိန်းကို ကျူးကျော်တဲ့နေရာမှာ ပိုပြီး အစွမ်းထက်နေတယ်လို့ ခံစားမိတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့လည်း အခြေခံအားဖြင့်တော့ ပူတင်ဟာ နေတိုးမဟာမိတ်အဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာပါ။ ဖိနှိပ်အုပ်ချုပ်နေတဲ့ အာဆီယံခေါင်းဆောင်တချို့ရဲ့ နှလုံးသားထဲမှာတော့ ပူတင်ဟာ သူတို့ရဲ့ အကိုကြီးလိုမျိုး သူ့လိုမျိုးဖြစ်ချင်နေကြပါတယ်။ အဲတော့ ဘာဖြစ်နေလည်းဆိုရင် သူတို့ ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေးအကျပ်အတည်းတွေမှာ ပါဝင်ပတ်သက်ခြင်းမပြုဖို့ နိုင်ငံတော်အချုပ်အခြာအာဏာဆိုတာကို အသုံးပြုပြီး သူတို့ကိုယ်သူတို့ အရေခြုံထားကြတယ်။ တဖက်မှာတော့ ဒီနိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ ပူတင်လုပ်ရပ်ကိုတော့ လက်ခံ၊ ထောက်ခံနေကြတယ်။ ဒါဟာ အလွန်အလွန်ကို အမြင်ကျဉ်းပါတယ်။"

ရုရှားအပေါ် ဆန့်ကျင်ပြီးပိတ်ဆို့ အရေးယူခဲ့တဲ့ တခုတည်းသော အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် စင်္ကာပူက ရပ်တည်ခဲ့တဲ့အပေါ် လူအများအံ့သြသင့်ခဲ့ကြပါတယ်။ ရုရှားကျူးကျော်စစ်ကို အပြင်းအထန်ကန့်ကွက်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က စင်္ကာပူပါလီမန် အစည်းအဝေးအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြောကြားခဲ့ပါတယ်။ အခုလို စင်္ကာပူဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို လျင်လျင်မြန်မြန် ချမှတ်ခဲ့တာဘာကြောင့်ပါလဲ။ Debbie Stothard ကအခုလို သုံးသပ်ပါတယ်။

"စင်္ကာပူဟာ သူ့ကိုယ်သူ အရှေ့တောင်အာရှက ယူကရိန်းလို ရှုမြင်နေတာကြောင့်ပါ။ စင်္ကာပူအစိုးရက သူ့နိုင်ငံသားတွေကို ရိုက်သွင်းထားတက သူတို့နိုင်ငံဟာ မွတ်ဆလင်နိုင်ငံတွေဝိုင်းရံထားတဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက် ကျူးကျော်သူတွေဟာ စင်္ကာပူကို သိမ်းပိုက်ဖို့ တတ်နိုင်သလောက် ကြိုးပမ်းနေကြတယ်။ ဒါကြောင့် ဒီနိုင်ငံမှာရှိတဲ့ လူငယ်တွေအနေနဲ့ စစ်မှုမထမ်းမနေရဆိုတာ လိုအပ်တယ်။ စင်္ကာပူပြည်သူတွေအနေနဲ့ သူတို့နိုင်ငံအောင်မြင်မှုကို မနာလိုနေကြတဲ့ မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားတို့ရဲ့ ကျူးကျော်မှုအန္တရာယ်ရှိနေတယ်ဆိုတာကို အမြဲတမ်းခံစားမြင်နေရအောင် ဘရိမ်းဝေါ့ရှ် လုပ်ထားတယ်လို့ ပြောရမှာပါ။ ဒါကြောင့် အင်အားအလွန်ကြီးတဲ့ ရုရှားက နိုင်ငံသေးတဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ရာမှာ စင်္ကာပူကမြင်တာက သူ့ရဲ့အာဆီယံ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း အလားတူ အယူအဆမျိုး မရရှိစေလိုတဲ့အတွက် သူတို့တုံ့ပြန်ရာမှာ အလွန်မြန်ဆန်ပြီး ပြင်းထန်တာဖြစ်ပါတယ်။"

ရုရှားရဲ့ ကျူးကျော်မှုဒဏ်ကို အဓိကခံရမှာက ဥရောပသမဂ္ဂ ဆိုပေမယ့် အာဆီယံ ဟာ ဒေသတွင်း အစုအဖွဲ့အနေနဲ့ ရုရှားထက် သူ့ရဲ့ မိတ်ဖက် ဥရောပသမဂ္ဂ နဲ့ စီးပွားရေး၊ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှုက ပိုတန်ဖိုးရှိတယ်ဆိုတာ နားလည်ဖို့ လိုတယ်လို့ Debbie Stothard ကပြောပါတယ်။ တကယ်လို့ ဒီကျူးကျော်တိုက်ခိုက်မှုဟာ ဥရောပသမဂ္ဂကိုပါ နောက်ထပ်ဦးတည်လာမယ်ဆိုရင်၊ အာဆီယံအနေနဲ့ တညီတညွတ်တည်း ရပ်တည်တုံ့ပြန်မှုမရှိခဲ့တဲ့အပေါ်မှာ သူတို့ နောင်တရမိမှာဖြစ်ကြောင်း သူက တဆက်တည်း အခုလို ဆိုပါတယ်။

"အားလုံးသိကြတဲ့အတိုင်း ပထမဆုံးကတော့ အာဆီယံဟာ မြန်မာ့အရေးမှာ တုံ့ပြန်တာ အတော်လေးနှေးကွေးခဲ့ပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတာကို မြင်တွေ့နေကြတာတောင် မြန်မာကိစ္စကိုင်တွယ်ရေးမှာ အာဆီယံအဖွဲ့တွင်း ကွဲပြားနေကြတာပါ။ အခု ရှရုားက ယူကရိန်းကို ကျူးကျော်တယ်ဆိုတာ ဒီလောက်ရှင်းနေတဲ့ ကိစ္စမှာတောင် ဘယ်လို အကြောင်းပြချက်တွေနဲ့ပဲ ကြည့်ကြည့် သူတပါးနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျူးလွန်ချိုးဖောက်တယ်ဆိုတာ ထင်ထင်ရှားရှားမြင်နေရတာတောင် အာဆီယံထဲမှာ ဒါနဲ့ ပတ်သက်လို့ ကွဲပြားနေဆဲရှိပါတယ်။ တကယ်လို့ အာဆီယံအနေနဲ့ ဆက်လက်ပြီးတော့ မူပေါ်မှာ မရပ်တည်နိုင်ပဲ စည်းလုံးမှုမရှိပဲ ကွဲပြားနေမယ်ဆိုရင်၊ စည်းမျဉ်းအပေါ် အခြေခံတဲ့ အဖွဲ့အစည်းအဖြစ် အမှန်တကယ် မပြောင်းလဲနိုင်ဘူးဆိုရင် အာဆီယံရဲ့ တရားဝင်မှုနဲ့ သူ့အပေါ် ယုံကြည်ကိုးစားမှုတွေ ဆုံးရှုံးမယ်ဆိုတာ ကျမတို့ မြင်နေရပါတယ်။"

အာဆီယံနိုင်ငံတွေအနေနဲ့ ရုရှားက ယူကရိန်းကိုကျူးကျော် တိုက်ခိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချဖို့ သတိထားနေရတဲ့ အကြောင်းအရင်းတွေထဲမှာ သူတို့ တုံ့ပြန်ချက်တွေရဲ့ ရေရှည်သက်ရောက်မှုအတိုင်းအတာကို စဉ်းစားနေကြတာဖြစ်နိုင်ကြောင်း ဒေသတွင်း သံတမန်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

========================














XS
SM
MD
LG