ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ မုတ္တမပင်လယ်ကွေ့မှာ စွန့်ပစ်ခံခဲ့ရတဲ့ နိုင်ငံခြား ကုန်တင်သဘောၤနဲ့ ပတ်သက်ပြီး ဒီသဘောၤကို ထားခဲ့တဲ့ တွဲဆွဲရေယာဉ်က အင်ဒိုနီးရှား သဘောၤသား ၁၃ ဦးကို ထိမ်းသိမ်းစစ်ဆေးနေတဲ့အကြောင်းနဲ့၊ သူတို့ကို ဥပဒေနဲ့အညီ အရေးယူရေး ရှေ့နေချုပ်ရုံးကို တင်ပြထားတဲ့အကြောင်း ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ဒီကနေ့ ရန်ကုန်မှာ ကျင်းပတဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
"ဒီသင်္ဘောပျက်ကြီးကို ကန်ထရိုက်စာချုပ်လည်း ချုပ်ထားတယ်။ ကန်ထရိုက်စာချုပ်အရ ခုနလို ဘင်္ဂလားဒေ့ရှ် ကို ဆွဲသွားတယ် ။ ဒီရာသီဥတုကြောင့်ရော သဘောၤရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ရော ဒီလိုဖြစ်သွားတယ်။ ဒါက ကမ္ဘာမှာဖြစ်တတ်တဲ့ သဘာဝပါ။ ဒါပေမယ့် ဖြစ်တတ်တဲ့သဘာဝမှာ မဟုတ်တာက သတင်းမပို့တာ။ အဲဒီတော့ သတင်းမပို့ရင် နိုင်ငံတိုင်းမှာက ထုတ်ထားတဲ့ ဥပဒေတွေရှိတယ်။ ပြင်းတာနဲ့ ပျော့တာပဲ ကွာမယ်။ အဲဒီတော့ သတင်းမပို့တဲ့အထဲမှာလည်း Intentionally လား Accidently လား။ ဒီအပေါ်မှာ မူတည်ပြီးတော့ ခုနက စဉ်းစားတာပါ။ ဒါကြောင့် ဒီဟာတွေအားလုံးကို ကျနော်တို့က ဥပဒေအဖွဲ့အစည်းကို တင်ပြပြီးတော့ သူတို့ ဥပဒေအဖွဲ့အစည်းက ဘာဆက်ပြီးတော့ လုပ်ရမယ်ဆိုတဲ့အပေါ်မှာ ကျနော်တို့ လုပ်သွားမယ်လို့ ပြောတာပါ။"
သုံးခွမြို့နယ် သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်အကွာမှာ ပစ်ထားခံခဲ့ရတဲ့ လူသူမဲ့ ကုန်တင်သဘောၤပျက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းနဲ့ မိုင် ၅၀ အကွာမှာ တဖက်နိုင်ငံကို ခုတ်မောင်းနေတဲ့ Indpedence အမည်ရှိ တွဲဆွဲသဘောၤကို သြဂုတ်လ ၃၁ ရက်နေ့မှာ မြန်မာရေတပ်က ထိန်းသိမ်းစစ်ဆေးခဲ့ပါတယ်။ သဘောၤပေါ်မှာလိုက်ပါခဲ့တဲ့ အင်ဒိုနီးရှား အမှုထမ်း ၁၃ ယောက်လိုက်ပါခဲ့ပြီး၊ ဒီသဘောၤသားတွေကို အရေးယူနိုင်ရေး ပြင်ဆင်နေသလို၊ တဖက်ကလည်း သူတို့ရဲ့ အခွင့်အရေးကို နိုင်ငံတကာဥပဒေနဲ့အညီ အာမခံနိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ဦးသောင်းကြိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ အင်ဒိုနီးရှား သံရုံကလည်း သူ့နိုင်ငံက သဘောၤသား ၁၃ ယောက်ကို တွေ့ဆုံခွင့် တောင်းခံထားပါတယ်။
Independence တွဲဆွဲရေယာဉ်ရဲ့ ကုမ္မဏီ Ocean Solution Marine Time ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကတော့ ကုန်တင်သဘောၤပျက်ဟာ၊ သံတိုသံစအဖြစ် ဖျက်ဆီးဖို့ ဘင်္ဂလားဒေရှ်နိုင်ငံ ချစ်တကောင်းကို အပို့၊ မုန်တိုင်းမိပြီး မြန်မာပင်လယ်ပြင်မှာ သောင်တင်ခဲ့တာဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။
သောင်တင်ခဲ့တဲ့ ကုန်တင်သဘောၤကို နေရာက ဖယ်ရှားရေး၊ စင်္ကာပူက First Captial အာမခံကုမ္မဏီနဲ့ ညှိ့နိုင်းနေပြီး၊ ရေယာဉ်ပျက် ဖယ်ရှားရေး ဝန်ဆောင်မှု ကုမ္မဧီ Adam GLobal ကုမ္မဏီက ကျွမ်းကျင်ပညာရှင်တွေ မနက်ဖြန် မြန်မာနိုင်ငံကို ရောက်လာမယ့်အကြောင်း ဦးသောင်းကြိုင်က ပြောပါတယ်။