[[Zawgyi/Unicode]]
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မနေ့ ညနေပိုင်းက ပစ်ခတ်သံတွေ ထွက်ပေါ်ပြီးနောက် ဒေသခံ ၁၀ ဦးထက် မနည်း ဖမ်းဆီးခံရတာတွေရှိ တယ်လို့ ဒေသခံ တွေက ပြောဆိုကြပါတယ်။ လောလောဆယ် ပုဏ္ဏားကျွန်းမြို့မှာ ဈေးတွေ၊ စာသင်ကျောင်းတွေ ပိတ်ထားရသလို စစ်တပ်က လုံခြုံရေး တိုးမြင့်စစ်ဆေးနေတာတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ ရသေ့တောင်မြို့နယ်ဘက်မှာလည်း ဒီကနေ့မနက်ပိုင်းက စစ်ကျန် လက်နက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို -ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်မှာ မနေ့က ညနေပိုင်းက စစ်သားတဦးကို AA ဘက်က ဖမ်းဆီးသွားပြီးနောက် ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေး တာတွေရှိ တယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတဦးကပြောပါတယ်။
“ မနေ့က ညနေ ၂ နာရီကျော်လောက်မှာ မယက ရုံးရှေ့ မှာ စစ်သားတစ်ယောက်ကို AA ကဖမ်းခေါ်သွားတော့ နောက်ပိုင်း သေနတ်ပစ်သံတွေ ထွက်လာတယ်၊ အဲဒီနောက်ပိုင်း ကျနော်တို့လည်း အပြင်ထွက်လို့မရတော့ဘူး၊ ညနေ ကိုးနာရီဆယ်နာရီလောက်မှ ဖမ်းသွားတယ် ကြားသလောက်ကတော့ ဆယ်ယောက်လောက်လို့တော့ပြောတယ်။ တိတိကျကျတော့ ဘယ်သူမှ မသိကြဘူးဟုတ်”
ဒီကနေ့ မနက်ပိုင်းမှာလည်း ပုဏ္ဏားမြို့ပေါ်မှာ လမ်းသွားလမ်းလာတွေ မရှိသလို ဈေးတွေနဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပြီး တမြို့လုံးတိတ်ဆိတ်နေတယ်လို့ ဒေသခံတဦး ကပြောပါတယ်။
“ ဒီနေ့ မနက်ကတည်းက ဈေးတွေ အကုန်လုံး ပိတ်ထားတယ်၊ လမ်းမှာလည်း လမ်းသွား လမ်းလာ ဘယ်သူမှမရှိဘူး၊ ကိုယ့်အိမ်မှာ ကိုယ်နေနေကြတယ် အပြင်ထွက် မုန့်စားတာတွေ ဘာတွေတောင်မရှိဘူး၊ မြို့ကတော့ တိတ်ဆိတ်နေတာပေါ့။”
မြို့ပေါ်နဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီတပ်သားတွေက နေရာယူထားသလို အိမ် တွေကိုလည်း ဝင်ရောက်စစ်းဆေးနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတဦးက ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် ဘယ်အချိန် လာဖမ်းမလဲဆိုပြီးစိုးရိမ်နေရတယ်လို့ ပြောပါတယ်။
“အခုလက်ရှိ ညီမတို့ ပုဏ္ဏားကျွန်းမှာပေါ့နော် စစ်သားတွေက ဒေသခံတွေကို ဖမ်းတယ်၊ မြို့ထဲကိုဝင်တယ်၊ စစ်တယ်။ အဲလိုဆိုတော့ ညီမတို့ မြို့ပေါ်က လူတွေ ဘယ်သူ့မှ အိမ်အပြင် မထွက်ရဲကြတော့ဘူး၊ အိမ်ထဲမှာ နေတာလည်း မလုံခြုံပါဘူး ဘာလို့လည်းဆိုတော့ သူတို့တွေက အမြဲ မြို့ထဲကို ဝင်တယ် လူတွေကို စစ်တယ် အဲလိုမျိုးဆိုတော့ အချိန်မရွေး ကိုယ့်ဆီရောက်လာနိုင်တယ် အဲလိုမျိုး အိမ်ထဲမှာ နေတာလည်း လုံခြုံမှု မရှိပါဘူး။”
ဒါ့အပြင် ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာမှာလည်း ဒီကနေ့ မနက်ပိုင်းက လယ်ကွင်းတခုမှာ ပေါက်ကွဲမှုတခုဖြစ်ပြီး ရွာခံလင်မယားနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရသေ့တောင်ဒေသခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။
“ ဒီနေ့ မနက်ပိုင်းကပေါ့ ရသေ့တောင်မြို့နယ်ရဲ့ အနောက်ဖက် မေယုကမ်း သာစည်ကုန်းကျေးရွာဆိုတာ အသက် ၅၀ကျော် လင်မယားနှစ်ယောက်ပေါ့၊ ကန်သင်းဆည်နေတဲ့ အချိန် မိုင်းလို့ယူဆတဲ့ လက်နက်တစ်ခု ပေါက်ကွဲပြီးတော့ ထိခိုက်ဒဏ်ရာရတာရှိတယ်။ အမျိုးသမီးဖြစ်တဲ့သူကတော့ မျက်နှာမှာ ဒဏ်ရာ နည်းနည်းများတယ်၊ မျက်လုံးတဘက် ထိသွားတဲ့ ပုံစံ အမျိုးသားမှာတော့ သိပ်ပြင်းပြင်းထန်ထန်မတွေ့ရဘူး”
စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ထိပ်တိုက်တွေ့တာတွေ ရှိနေပြီး နှစ်ဖက်ညှိနှိုင်းလို့မရတဲ့ အခြေအနေ ရှိနေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်က ပြောဆိုထားတာရှိပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာ စစ်ကောင်စီဖက်က အင်းအားတိုးမြှင့်တာတွေ လုံြ့ခုံရေးတင်းကြပ် စစ်ဆေးတာတွေရှိနေပြီး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို ဖမ်းဆီးနေ တာတွေလည်းရှိနေပြီး တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့က ဖမ်းဆီး တာတွေရှိနေတာပါ။
စစ်ကောင်စီဘက်က ရခိုင်ပြည်သူတွေနဲ့ AA အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာတွေကြောင့် AA အဖွဲ့အနေနဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရတာဖြစ်ပြီး ဖမ်းဆီးထားတဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို လွတ်ပေးမှသာ ဖမ်းဆီးထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ပြန်လွတ်ပေးမယ်လို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောဆိုထားတာပါတယ် ခင်ဗျား။
===============
[[Unicode]]
===============