ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သူတွေနဲ့ ကုလားတန် စီမံကိန်း လုပ်ငန်းခွင်ကနေ ဖမ်းဆီးခဲ့တဲ့ ဝန်ထမ်းတွေကို ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့က ပြောဆိုလိုက်ပါတယ်။ သက်ဆိုင်ရာ မိသားစုဝင်တွေကတော့ ၄ လလောက်ကြာအောင် ဖမ်းဆီးခံထားရတဲ့အပေါ် စိုးရိမ်နေကြတာပါ။ စစ်ရေးတင်းမာမှုတွေကြောင့် ချင်းပြည်နယ်အတွင်း အရပ်သားတွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အခက်ကြုံနေရတဲ့ အခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကဆက်သွယ် စုံစမ်းပြီး သတင်းပေးပို့ ထားပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း AAရခိုင်လက်နက်ကိုင်အဖွဲ့ကနေဖမ်းဆီးထားတဲ့ အင်ဂျင်နီယာ(၄)ဦးနဲ့ ဆုထူး စံကုမ္ပဏီဝန်ထမ်းအလုပ်သမား(၈)ဦးကိုပြန်လွှတ်ပေးဖို့ AA ဌာနချုပ်ကအမိန့်ပေးထားပြီးပေမဲ့ နယ်မြေလုံခြုံရေး အခြေ အနေအရ ပြန်လွှတ်ဖို့ကြန့်ကြာနေတယ်လို့AAပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။
“ကျွန်တော်တို့တော့ သူတို့ကိုလွှတ်ပေးဖို့အတွက် အောက်ခြေတပ်ဖွဲ့ကိုပြောပြီးပြီး။ ဒါပေမဲ့လို့ ဟိုမှာ ဗမာစစ်တပ်ဖက် က ထိုးစစ်အရှိန်အဟုန်က ပြင်းလာတဲ့အခါကျတော့ အဲဒီမှာကျွန်တော်တို့က လုပ်ပေးဖို့က လုံခြုံရေးအရ အခြေအနေမ ကောင်းဘူးဖြစ်တယ်။ ဒီအတိုင်းကြီးလွှတ်ပေးလိုက်ရင်လဲ တခုခုဖြစ်သွားရင် ကျွန်တော်တို့မှာအပြစ်မကင်းဘုူ။ သူတို့ အတွက်လုံခြုံရေးစိုးရိမ်ရတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကကြန့်ကြာတာ။ မတ်လ(၉)ရက်နေ့တုန်းက အဲဒီဗမာ စစ်တပ်ရဲ့ဗျူဟာစခန်းကို ကျွန်တော်တို့တက်ပြီးသိမ်းတဲ့အချိန်မှာ ဖမ်းမိတဲ့ဥစ္စာထဲက (၁၁)ထဲမှာနေပြီးမှ(၇)ယောက် လွှတ်ပြီးပြီး။ (၄)ယောက်ကျန်သေးတာပေါ့နော်။ သူတို့က စစ်အင်ဂျင်နီယာဌာနက လူတွေလို့ပြောတယ်။ နောက်တခု ရှိတာက ဆုထူးစံကုမ္ပဏီနဲ့ ပက်သက်တဲ့ လူတွေပေါ့။ အဲဒီမှာသူတို့(၈)ယောက်။ အကုန်လုံးပေါင်းလိုက်ရင် အဲဒီမှာ(၁၂) ယောက်လို့ အကြမ်းဖျင်း ပြောလို့ရတယ်။”
ပြီးခဲ့တဲ့ မတ်လ (၉)ရက်နေ့က ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ တပ်မတော်ဗျူဟာကုန်းကို AAတပ်ဖွဲ့ကနေ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းတွင်းလူတွေကိုဖမ်းဆီးသွားခဲ့သလို မတ်လ(၃၀)ရက်မှာလဲ ပလက်ဝမြို့နယ် တွင်းကင်း အလောင်းရွာမှာ လမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ဆုထူးစံကုမ္ပဏီဝန်ထမ်းလမ်းဖေါက်အလုပ်သမား(၈)ဦးကို AAအဖွဲ့က နေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
AAဖက်ကဖမ်းဆီးထားတဲ့ လမ်းဖောက်အလုပ်သမား(၈)ဦးထဲမှာ ချင်းလူမျိုးနှစ်ဦးပါဝင်နေပြီး လက်ရှိပြန်မလွတ်သေး တာကြောင့်မိသားစုဝင်တွေစိုးရိမ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဒါရိုက်တာ ကိုတေးရာကပြောပါတယ်။။
“ကုလားတန် ပရောဂျက်အလုပ်လုပ်တဲ့လူ။ အခုသူတို့ဟာ ထိန်းသိမ်းထားနေဆဲပါ။ သူတို့ပြန်မလွတ်သေးဘူးနော။အရမ်းစိုးရိမ်စိတ် သူတို့မိသားစုဝင်တွေပေါ့နော်။”
ဆုထူးစံကုမ္ပဏီဟာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံပူးပေါင်းပြီး ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းထဲကတခုအပါ အဝင် ဖြစ်တဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်- မီဇိုရမ်ပြည်နယ်(အိန္ဒိယ) ဆက်သွယ်ရေးကားလမ်းဖောက်လုပ်နေတဲ့ ကုမ္ပဏီ တခု ဖြစ်ပါတယ်။
ပလက်ဝမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြားဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခဟာ နယ် မြေဒေသဖွဲ့ဖြိုးမှုလုပ်ဆောင်ရေးအတွက် အနှောက်အယှက်ဖြစ်နေတယ်လို့ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ဦးမန်ဟင်း ဒါရ်ကပြောပါတယ်။
“လုပ်ငန်းတော့ တော်တော်လေးအနှောက်ယှက်ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းပေါ့နော်။ လမ်းလုပ်ငန်း အဆောက်အဦး လုပ်ငန်းဘာညာတွေကတော့ တော်တော်လေးကို လုပ်ရခက်တဲ့ အနေအထားမှာရှိပါတယ်။ ”
မတ်လ(၁၆)ရက်နေ့တုန်းက ကုလားတန်းမြစ်ကူးတံတားအတွက် အသုံးပြုဖို့ ရန်ကုန်ကနေသင်္ဘောနဲ့တင်ဆောင်လာ တဲ့ တံတားသံဘောင် တန်ချိန် (၃၀၀) နီးပါးကို AAအဖွဲ့ကနေ မီးရှို့ဖျက်စီးခဲ့တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းကြန့် ကြာနေဆဲ လို့ သူကဆိုပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့AAအနေနဲ့က ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း နဲ့ ပက်သက်ပြီးအဖွဲ့အနေနဲ့ဆန့်ကျင် တာမရှိဘူးလို့ AAပြန်ကြားရေးတာဝန်ခံခိုင်သုခကပြောပါတယ်။
“အဲဒီတိုက်ပွဲဖြစ်တဲ့ဥစ္စာကို သူတို့ထိုးစစ်ဆင်လို့ဖြစ်တဲ့ဥစ္စာကို ကုလားတန်ပရောဂျက်ကို အကြောင်းပြတယ်။ ကျွန်တော် တို့က အဲဒီကုလားတန်စီမံကိန်းကို ဆန့်ကျင်စရာ အကြောင်းဘာမှမရှိဘူး။ ကျွန်တော်တို့AA ကဘဲ အတားဆီးလုပ်နေ တယ်ဆိုပြီးတော့မှ အိန္ဒိယဘက်ကို သတင်းအမှားပေးတဲ့ ဥစ္စာတွေလဲရှိတယ်။ ဆိုတော့ဒီစီမံကိန်းဟာပြည်သူလူထုတွေ အတွက် အကျိုးရှိမယ် ဆိုလို့ရှိရင်တော့ ကျွန်တော် တို့က ဘာမှဆန့်ကျင်စရာအကြောင်းမရှိဘူး။”
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ AAတို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်ရှောင်ဦးရေ(၃၀၀၀)ခန့်တိုးပွားနေပြီး စားသောက်ရေးမှာ ဆန်ကိုအကန့်အသတ်နဲ့သာ ဝယ်ယူခွင့်ပြုနေတဲ့ အတွက် အခက်တွေ့နေတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေငြိမ်သက်နေတယ်လို့ AAတာဝန်ရှိသူတွေကပြောပါတယ်။
မြန်မာစစ်တပ်နဲ့AAတို့တိုက်ပွဲဖြစ်စဉ်အတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား ကျောက်တော်မြို့နယ်က ဒေသခံ(၅၅၀၀၀)ကျော် နေရပ်စွန့်ခွာ တိမ်းရှောင် နေကြရတယ်လို့ စစ်တမ်းကောက် ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ကနေ ဒီကနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။