သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း AA နဲ့တိုက်ပွဲများ ဆက်ဖြစ်ပွား


ရက္ခိုင့်တပ်မတော် စစ်ရေးလေ့ကျင့်နေစဉ် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ရက္ခိုင့်တပ်မတော် စစ်ရေးလေ့ကျင့်နေစဉ် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား ဒီကနေ့ တနင်္လာနေ့ ကျောက်တောမြို့နယ်ဘက်မှာ တိုက်ပွဲ ဖြစ်နေသလို ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲ ဖြစ်တဲ့နားကျေးရွာက အုပ်ချုပ်ရေးမှူးတဦးကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်လည်း ဖြစ်ထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တနင်္လာနေ့မနက်က ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာအုပ်စုဘက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးတယ် လို့ တောင်မင်းကုလားစစ်ရှောင်စခမ်းတာဝန်ရှိသူ ဦးအောင်ကျော်မင်းကအခုလိုပြောပါတယ်။

“အဲဒီသန်ချောင်း ငှက်ပျောချောင်းဆိုတဲ့ရွာဘေးနားမှာဘဲပေါ့။ အခုတိုက်ပွဲတွေဖြစ်တာပေါ့။ မနေ့ကလဲဖြစ်တယ်။ ဒီမ နက်အထိဖြစ်နေတယ်။ လက်နက်ကြီးတွေရော လက်နက်သေးတွေရော တော်တော်ကိုပစ်ကြတယ်။ အခုဖြစ်နေတာ ကမြန်မာ့တပ်မတော်နဲ့AAကလို့ပြောကြတာပါဘဲ။ ကျေးရွာသားတွေက တိုက်ပွဲဖြစ်တဲ့အချိန်ကတော့ ကိုယ့်ရွာမှာဘဲ နေကြတာပေါ့။ အပြင်မထွက်ရဲဘူးလေ။ ဒီတောင်မင်းနဲ့နီးနီးလေးဘဲလေ။”

မနှစ်ကဒီဇင်ဘာလကုန်ပိုင်းမှာတပ်မတော်နဲ့AAတို့တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် လမုကိုင်း၊ ငါးစွေ၊ ပါချေနဲ့ ပညာဝကျေးရွာသားတွေနေရပ်ကနေတိမ်းရှောင်လာကြပြီး တောင်မင်းကုလားကျေးရွာမှာ စစ်ဘေး တိမ်းရှောင်နေကြတာပါ။

စစ်ရှောင်ဦးရေ(၇၀၀)ကျော်ရှိတဲ့တောင်မင်းကုလားကျေးရွာစစ်ရှောင်စခမ်းမှာ ကြုံတွေ့နေရတဲ့ အခက်ခဲအခြေအနေ ကိုတော့ စခမ်းနေသူတဦးက အခုလိုပြောပါတယ်။

“လောလောဆယ်တော့စားဝတ်နေရေးပါဘဲ။ အဓိကနေရေးပေါ့နော်။ shelter တွေကိုအဓိကလိုအပ်တာပေါ့နော်။ နောက်ပြီးတော့ကျန်းမာရေးပိုင်းဆိုင်ရာ ဝမ်းလျှောဝမ်းပျက်ဖြစ်တာနဲနဲလေးဖြစ်လာတယ်လေ။ အဲတာ တွေကတော့ကလေးတွေမှာဘဲဖြစ်တာ။”

တိုက်ပွဲမဖြစ်ခင်သောကြာနေ့က တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အမည်မသိလက်နက်ကိုင် အဖွဲ့ကနေဖမ်းဆီးခေါ်ဆောင်သွားတာ ဒီကနေ့အထိသတင်းမကြားရသေးဘူးလို့ ဦးအောင်ကျော်မင်းက အခုလို ဆက်ပြောပါတယ်။

“ဘယ်အဖွဲ့ကလဲမသိဘူး။ (၁၈)ရက်နေ့ညနေပိုင်းက လူ(၅)ယောက်လောက် ခေါ်သွားတယ်လို့ပြောတယ်။ ဒီတောင် မင်းဒုက္ခသည်စခမ်းကနေ သူညနေဘက်ပြန်သွားတယ်။ ပြန်သွားပြီးမှဘဲ ကလေးတွေအတွက် ဆိုင်မှာ သွားပြီးတော့မှ မုန့်သွားဝယ်တဲ့အချိန်မှာပေါ့။ ပြန်လာတဲ့အချိန်မှာကြတော့လူ(၅)ယောက်က ခနလေးလိုက်ခဲ့ပါဦး မေးစရာရှိပါတယ် ဆိုပြီးမှဘဲသူ့ကိုခေါ်သွားတယ်။ အခုအချိန်ထိတော့ သတင်းမရသေးဘူးပေါ့။ ကျွန်တော်တို့ဒီမြို့နယ်အုပ်ချုပ်ရေးမှူး ကို ဖုန်းဆက်အကြောင်းကြားပြီးတော့မှ ပြောတဲ့အခါကျတော့ ရုံးကလူတွေက ကျွန်တော်တို့စုံစမ်းကြည့်ပါတယ်။ ဒါပေမဲ့ ဒီတပ်ကလူတွေကတော့ လုံးဝမခေါ်သွားပါဘူးဆိုပြီးတော့မှ သူတို့ကပြန်ဖြေတယ်။”

စစ်ရေးပဋိပက္ခဖြစ်ပွါးနေတဲ့ရခိုင်ပြည်နယ်ဒေသတွေမှာAAနဲ့ဆက်သွယ်လို့ဆိုပြီးစစ်ဆေးမေးမြန်းခံရတာ၊ ဖမ်းဆီးတ ရား စွဲဆိုခံရတာတွေလည်း ရှိထားပါတယ်။

တနင်္ဂနွေနေ့ကလည်း ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရခိုင်တိုင်း ရင်းသားမျိုးနွယ်များအစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“မနေ့ကတော့ ဘူးသီးတောင်မြို့နယ် ဥယာဉ်သာရွာအနားမှာ တိုက်ပွဲတကြိမ်ဖြစ်တယ်။ ပုဏ္ဏားကျွန်း မြို့နယ် သြရမတောင်လို့ခေါ်တာပေါ့နော်။ အဲဒီတောင်မှာရှိတဲ့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းကိုသွားတဲ့တောင်ပေါ်လမ်း ပေါ့နော်။ အဲဒီလမ်းမှာတိုက်ပွဲတွေဖြစ်တယ်။”

ဒီလိုတိုက်ပွဲဖြစ်နေတဲ့ဖြစ်စဉ်အပေါ် အခြေအနေအသေးစိပ်မသိရသေးဘူးလို့ AA ပြန်ကြားရေးတာဝန်ခံခိုင်သုခ ကဆိုပါတယ်။

“အဲဒီမှာတိုက်ပွဲဖြစ်ခဲ့တဲ့ဥစ္စာတော့သိတယ်ဗျ။ ဒါပေမဲ့လို့အသေးစိပ်အချက်အလက်တွေတော့ ရုံးချုပ်ကနေကျွန်တော် ဆီ ပို့မလာသေးဘူး။”

ပြီးခဲ့တဲ့စနေနေ့တုန်းကချင်းပြည်နယ်ပလက်ဝမြို့နယ်ခမောင်းဝရွာဘက်မှာလဲ မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက် ကိုင်အဖွဲ့AAတို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ AAဘက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အတွင်း အခုလက်ရှိ တိုက်ပွဲဖြစ်တာတွေနဲ့ပက်သတ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန် တာမတွေ့ရသေးသလို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူးကို ဗွီအိုအေက အကြိမ်ကြိမ် ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

AA ဟာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သာ ဖြစ်လို့ ပြတ်ပြတ်သားသားချေမှုန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း ဇန္နာဝါရီ(၁၈)ရက်နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ ပြောကြားခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွါးလာတာပါ။

ရခိုင်ပြည်နယ်ဘူးသီးတောင် ရသေ့တောင် မောင်တော ကျောက်တော်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်မှာ တပ်မတော်နဲ့ AAတို့ တိုက်ပွဲဖြစ်ပွါးနေခဲ့ပြီးနောက်ပိုင်းဒေသခံရွာသား (၆၀၀၀)နီးပါးဟာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG