[[Zawgyi/Unicode]]
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို မြန်မာစစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျခဲ့သလို တိုက်ခိုက်ရေး လေယာဉ်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကျူးကျော်ပျံသန်းနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာနိုင်ငံကို ကန့်ကွက်ထားပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေမှုဟာ ရိုဟင်ဂျာဒုက္ခ သည်တွေ နေရပ်ပြန်ရေးကို ပိုပြီး အလှမ်းဝေးပြီး ခက်ခဲသွားစေနိုင်တယ်လို့ တချို့လေ့လာသူတွေ သုံးသပ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြား အခြေအနေ သတင်းပေးပို့ချက်ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နှစ်ပေါင်းများစွာရပ်တန့်ပြီး အကောင်အထည်မဖေါ်နိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ် ဘက် ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေပြန်ပို့ရေးဟာ ဒီနှစ်ကုန်လောက်မှာ စကောင်းစနိုင်မယ်လို့ မကြာခင် သီတင်းပတ်တွေအတွင်းကပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အရာရှိတွေ ခန့်မှန်းပြောဆိုထားပါတယ်။ ဒီလို ခန့်မှန်းပြောဆိုနေချိန်မှာပဲ ရခိုင်လက်ကိုင် AA အဖွဲ့ကဘင်္ဂလားဒေရှ့်နယ်စပ်ခြံစည်းရိုးအနီးမှာ ရှိတဲ့ စစ်ကောင်စီနယ်ခြားစောင့်စခန်းတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းပိုက်ခဲ့ပြီး စစ်ကောင် စီဘက်ကလည်း တုံ့ပြန်တိုက်ခိုက်တာတွေလည်း ပိုပြီး ပြင်းထန်လာပါတယ်။
နယ်ခြားစောင့်တပ်သား ၁၉ ဦး သေဆုံးပြီး တဦးကိုဖမ်းဆီးခဲ့တယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဘက်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စာရင်းတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က အတည်ပြုချက်မပေးပါဘူး။ AA သိမ်းပိုက်ထားတဲ့ စခန်းကို ပြန်ရယူဖို့အတွက် လေကြောင်းအပါအဝင် အကြီးအကျယ် ပြန်လည် တိုက်ခိုက်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပါတယ်။ တချိန်တည်းမှာ မြန်မာစစ်တပ်ဘက်က တိုက်ခိုက်ရေး လေယာဉ်တွေ ဝေဟင်ပိုင်နက်ကျုးကျော်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရ်နိုင်ငံဘက်က မြန်မာစစ်ကောင်စီ သံအမတ်ကြီးကို ခေါ်ယူကန့်ကွက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လုံခြုံရေး တိုးမြှင့် ချထားပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို မြန်မာဘက်ကလူတွေ ထပ်ပြီး ဖြတ်ကျော် မလာစေဖို့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့တဲ့အကြောင်းလည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ အခုလို နှစ်ငံကြားတင်းမာမှုတွေကြောင့် ဘင်္ဂလားဒေ့ရှိနိုင်ငံဘက်ကိုရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ကိစ္စ ပိုမိုခက်ခဲလာနိုင်တယ်လို့လည်း ရခိုင်အရေးကျွမ်း ကျင်သူ ဦးဖေသန်းက သုံးသပ်ပြောဆိုပါတယ်။
“ အခုတိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ဒုက္ခသည်တွေ၊ မွတ်ဆလင်တွေ နေရပ်ပြန်ရေးကိစ္စကတော့ ပိုပြီးတော့ ကြန့်ကြာသွားနိုင်တယ်ပေါ့၊ ဒါပေမယ့် အဓိက တောင်းဆိုချက်တွေ ရှိတယ်။ နိုင်ငံရေးအားဖြင့် သူတို့ရဲ့ ဆုံးရှုံးသွားတဲ့အရာတွေအတွက် လျော်ကြေးပေးရမှာတို့၊ နိုင်ငံသား အခွင့်အရေးပေးရမှာတို့၊ လုံခြုံမှုရှိအောင် ကာကွယ်စောင့်ရှောက်ရမှာတို့ အဲလိုမျိုး တွေရှိတယ်။ အဲဒီအပေါ်မှာ အဓိကကျပါတယ်။”
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း စစ်တပ်က နယ်မြေရှင်းလင်းမှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တာပါ။ လက်ရှိမှာတော့ အဲဒီရိုဟင်ဂျာဒုက္ခသည်တွေ အရေးဟာ ဝန်ုထုပ်ဝန်ပိုးတခုဖြစ်နေပြီး သူတို့တွေနေရပ်ပြန်နိုင်မယ့် အစီအစဉ်တွေကို နိုင် ငံတကာနဲ့ အိမ်နီးနိုင်ငံတွေနဲ့ ဆွေးနွေးနေရတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် sheikh Hasina က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ANI သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အမည်ကို အသိအမှတ်ပြု လက်ခံခြင်းမရှိပါဘူး။ ဒုက္ခသည် နေရပ် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကိုတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လက်တွဲပြီး စီစစ်ဆောင်ရွက်မယ့်အကြောင်း ကတိပေးပြောဆိုထားပါတယ်။
နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းကတော့ လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု အခြေအနေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ထိခိုက်လာနိုင်တယ်လို့ မြင်ပါတယ်။
“ဆက်ပြီးတော့ အဲလို သူတို့ဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်လာပြီဆိုရင်တော့ ဆက်ပြီးတော့ အဲလို လက်နက်ကြီးကျည်တွေကျမယ်။ ဟိုဘက်က ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန့်မှုကို ဖြစ်စေမယ်၊ ပိုင်နက်ကျူးလွန်တယ်၊ ကျူးကျော်တယ်ဆိုတဲ့ သဘောမျိုးဖြစ်လာရင်တော့ တနေ့ထက်တနေ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တင်းမာလာမှာပဲ။ အဓိကတော့ နယ်စပ်မှာတိုက်ပွဲတွေရှိနေရင် ဒီကိစ္စကတော့ ရှိနေအုံးမှာပဲ။”
ရိုဟင်ဂျာဒုက္ခသည်တွေကို စီစစ်လက်ခံမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေတဲ့ တချိန်တည်းမှာ ဒုက္ခသည်တွေဘက်ကလည်း ဘေးကင်း လုံခြုံမှုကို အာမခံပေးပြီး ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်တဲ့ အခြေအနေမျိုးရှိမှ ပြန်ချင်တဲ့အကြောင်း ပြောဆိုနေပါတယ်။ နှစ်နိုင်ငံနယ်စပ် စစ်ရေးပဋိပက္ခနဲ့ တိုက်ပွဲတွေ မဖြစ်ခင်ကလည်း စစ်အာဏာသိမ်းမှုနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဟာ အလှမ်းဝေးသွားနိုင်တယ်ဆိုတာကို ဒေသတွင်းအကဲခတ်တွေ ထောက်ပြပြောဆိုခဲ့ကြပါတယ်။
===============
[[Unicode]]